လွန်ခဲ့သော နှစ်များက ဝါရှင်တန် ဒီစီရှိ “စမစ်ဆိုနီးယား လေထုနှင့်အာကာသ ပြတိုက်” သို့ ကျွန်မတို့ဇနီးမောင်နှံ သွားရောက် လေ့လာကြည်ရှုစဉ် ကလေးတွန်းလှည်းလေး တစ်ခုကို သတိပြုမိသည်။ အနီးအနားတွင် မည်သူမျှမရှိ၊ တွန်းလှည်းက ကြီးသဖြင့် လှည်းကိုချန်ပြီး ကလေးကို ချီသွားခြင်းဖြစ်မည် ဟု ကျွန်မတို့ ထင်ခဲ့သည်။
သို့သော် တွန်းလှည်းအနီးသို့ရောက်မှ လှည်းထဲတွင် နှစ်ခြိုက်စွာ အိပ်ပျော်နေသော ကလေးကို တွေ့ရသည်။ “မိဘတွေရော၊ မောင်နှမတွေရော၊ ကလေးထိန်းရော” စသည် ဖြင့် မေးခွန်းပေါင်းများစွာ ထွက်လာသည်။
ကျွန်မတို့လည်း ပြတိုက်မှ တာဝန်ရှိသူများရောက်လာသည့်အထိ အချိန် အတန်ကြာ ကလေးအနီး၌ နေပေးခဲ့သည်။ ချစ်စရာအဖိုးတန် ကလေးငယ်ကို မည်သူမျှ လာရောက်ခေါ်ယူခြင်းမရှိပါ။ ဤအတွေ့အကြုံမှ စွန့်ပစ်ခံရလျှင် မည်သို့ ဖြစ်မည်နည်း ဟူ၍ အတွေးဝင်မိသည်။
“ငါ့ကို ဘယ်သူမှ ဂရုမစိုက်ဘူး” ဟူသောအတွေးက တကယ် နာကြည်း ရင်နာစရာကောင်းလှသည်။ ထာဝရဘုရားသခင်က ကျွန်မတို့ကို မစွန့်ဟု (တရား ၃၁း၈) ကတိပေးထားသည်။ ကမ္ဘာစွန်းထိတိုင် ကျွန်မတို့ဘယ်သွားသွား အတူရှိနေမည်ဟူ၍လည်း (မ ၂၈း၂၀) တွင် ပြောခဲ့သည်။
ဘုရားသည် သူ့သားသမီးများနှင့် ပြုထားသည့် ကတိသစ္စာကို ပြန်မရုပ် သိမ်းပါ။ အခြားသူ၏စွန့်ပစ်ခြင်းခံရလင့်ကစား “ဘုရားသခင်၏မေတ္တာတော်နှင့် ငါတို့ကို ဘယ်အရာကမှ မကွာစေနိုင်ကြောင်း” (ရော ၈း၃၅-၃၉) ဘုရားကတိ ပေးထားသည့်အတိုင်း ကျွန်မတို့ ယုံကြည်စိတ်ချနိုင်ပါသည်။―Cindy Hess Kasper
အဖဘုရား၊ ဘဝ၏ကဏ္ဍတိုင်း၌ ကိုယ်တော်ပါရှိခြင်းအတွက်ကျေးဇူးပါ။
“ဘယ်ခါမစွန့်” ကတိစကားကို ယုံကြည်ပြီး၊ ထိုကတိ၌ တည်မှီနိုင်ရန် သွန်သင်မူပါ။
ယေရှုနာမ၌ ဆုတောင်းပါ၏။ - အာမင်
ဘုရားသခင်အတူရှိကြောင်း စိတ်ချယုံကြည်ခြင်းသည်
ကျွန်ုပ်တို့အတွက် နှစ်သိမ့်ကျေနပ်စရာ ဖြစ်ပါ၏။
