ကျွန်ုပ်တို့အားလုံးသည် လူ့ဘ၀၏ အံ့မခန်းအပြောင်းအလဲဖြစ်အင်များနှင့် အကျွမ်းတ၀င်ရှိကြပါသည်။ ချို့တဲ့သောကျောင်းသားတစ်ဦး ပညာသင်စားရိတ်ထောက်ပံ့ကြေးရရှိခြင်း၊ သေအံ့ဆဲဆဲလူနာတစ်ဦးက မမျှော်လင့်မိသောကိုယ်အင်္ဂါအလှူရှင်ကြောင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ခြင်း၊ ပြစ်ဒဏ်စီရင်ချက် ချမှတ်ခံလိုက်ရသော အကျဉ်းသားတစ်ဦး နောက်ဆုံးအချိန်တွင်မှ လွတ်ငြိမ်းချမ်းသာခွင့်ရရှိခြင်း စသည်ဖြင့်ကြုံဖူးကြားဖူးကြသည်။ ထိုသူတို့၏ မူလအခြေအနေများက မျှော်လင့်ချက်မဲ့ကာ ကံဆိုးမှုများ ကျရောက်လာတော့မည်မှာ သေချာသလောက် ရှိသော်လည်း သူတို့ဘ၀တွင် မျှော်လင့်မထားသော၊ မထိုက်တန်သော အသစ်သောစတင်မှုမျိုးကို ရရှိခံစားကြရသည်။

အာဒံနှင့်ဧ၀တို့ လက်ထက်မှစတင်၍ လူသားတို့အားလုံးသည် အပြစ်တရားလက်အောက်တွင် ကျရှုံးခဲ့ရသည်။ မိမိ၏မသိနားမလည်မှု၊ အကျင့်ပျက်ဆိုးယုတ်မှုတို့၏ လောင်မြိုက်ခြင်းကို ကျွန်ုပ်တို့ ခံနေရသည်။ အသက်တာရှိ အပြစ်တရား၏လွှမ်းမိုးချုပ်ကိုင်မှုကို တွန်းလှန်နိုင်ခြင်းလည်းမရှိ။ ဘုရားသခင်၏စံချိန်စံညွှန်းနှင့် ကိုက်ညီမှု မရှိဘဲ ပျက်စီးကျဆင်းနေကြသည်။ ကျွန်ုပ်တို့၏ မိုက်မဲယုတ်ညံ့မှု တို့ကြောင့် ဘုရားသခင်နှင့် ထာဝရ ကွာဝေးခြင်းဖြစ်သော သေခြင်းတရားသို့ ပို့ဆောင်ခံရခြင်းနှင့်သာ ထိုက်တန်သည် (ရော ၃း၂၃၊ ၆း၂၃)။

သို့သော် ကျွန်ုပ်တို့ထံ ဘုရားသခင် လက်ကမ်းပေးလျက်၊ ကျွန်ုပ်တို့နှင့် မထိုက်တန်သော၊ ကျွန်ုပ်တို့ မျှော်လင့်မထားသော သခင်ယေရှု၏ စွန့်လွှတ်ပေးဆပ်မှုအားဖြင့် အရာအားလုံးကို ထာဝရပြောင်းလဲစေ ခဲ့ပါသည်။ သေခြင်းအစား ကောင်းကင်ရွှေပြည်၌ ထာဝရအသက်ကို ယခု ကျွန်ုပ်တို့ မျှော်လင့်နိုင်ပါပြီ။

ယောဟန် ၃း၁၆ တွင် ကျွန်ုပ်တို့သည် သေခြင်းတရား ပျက်စီးခြင်းသို့ ဦးတည်နေကြောင်း၊ ‘သို့သော်’ သေခြင်းအစား ထာဝရအသက်ရှင်ခြင်းကို ကျွန်ုပ်တို့ ရရှိမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ‘သို့သော်’ ဟူသောစကားလုံးက ဆန့်ကျင်ဘက်အရာနှစ်ခု ယှဉ်တွဲဖော်ပြသော စကားဆက်ဖြစ်ပါသည်။ ယခုအဖြစ်အပျက်၌ စကားဆက်လေးက ကျွန်ုပ်တို့အခြေအနေများ၏ အိမ်မက်ဆန်ဆန် အံ့အားသင့်ဖွယ်အပြောင်းအလဲများကို ဆန့်ကျင်ဘက်အရပ်သို့ လုံးဝလှည့်ပစ်စေခြင်းဖြစ်သည်။ တစ်ချိန်က သေခြင်းတရားဆီသို့ ဦးတည်နေရာမှ ယခု အသက်ရှင်ခြင်းသို့ ဦးတည်စေခဲ့သည်။

ကျွန်ုပ်တို့အတွက် သခင်ယေရှုပြုပေးခဲ့သောအမှုများကို သင်လက်ခံယုံကြည်ပါက ဘုရားသခင်သည် ကျွန်ုပ်တို့နှင့်တန်သော (သေခြင်း ပျက်စီးခြင်းနှင့်) ဆန့်ကျင်ဘက်ဖြစ်သောအရာများကို ပေးလိမ့်မည်။ သင်လက်ခံ ပြီးပါပြီလား။