အချို့ကလေးများအတွက် မိခင်နှင့်အတူ ဈေးဝယ်ထွက်ရခြင်းသည် စိတ်ရှုပ်ထွေးစရာဟု မြင်ကြသည်။ သရက်သီးများသည် အမြင်အားဖြင့် အားလုံးကောင်းပြီးအလုံးလှသော်လည်း အမေက အမြဲပင် ရွေးနေခြင်းကို သူတို့အံ့ဩကြသည်။ အမှန်စင်စစ် အမေ့စိတ်ထဲတွင် စံသတ်မှတ်ချက်များရှိပြီးသားဖြစ်ပြီး သူ့စံနှင့် ကိုက်ညီမှသာလျှင် ဝယ်ယူတတ်ကြသည်။ တစ်ဦးနှင့်တစ်ဦး ချစ်ကြိုးနွယ်တော့မည်ဆိုလျှင် တစ်ဦးစီ၏ မသိစိတ်က စံသတ်မှတ်ချက်များ ချမှတ်ပြီးသားဖြစ်သည်ဟု စိတ္တဗေဒပညာရှင်များက ဆိုသည်။ ‘ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်၏’ ဟုကျမ်းစာက ဆိုသည် (၁ ယော ၄း၁၆)။ သို့သော် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ကျွန်ုပ်တို့ချစ်သည့် နည်းလမ်းအတိုင်း ချစ်ပါသလား။

ရှေ့ပိုင်းတွင် ယော ၃း၁၆ ၌ ဖော်ပြသော ‘ဘုရားသခင်သည် ….. ‘ ဟူသော စကားလုံးကို ကျွန်ုပ်တို့ လေ့လာခဲ့ပြီး ဖြစ်သည်။ ဆက်လက်၍ ဖော်ပြသော စကားလုံးမှာ ‘ချစ်တော်မူ၏’ ဟု အဓိပ္ပာယ်ရပြီး ဘုရားသခင်က ရွေးချယ်ထားသော ကျွန်တော်တို့အပေါ်တွင် ချစ်သည့်နည်းလမ်းဖြစ်သည်။ သူ၏နည်းလမ်းမှာ မည်သို့သော နည်းလမ်းဖြစ်သနည်း။ ယော ၃း၁၆ တွင် ‘ဘုရားသခင်သည် သူ၏တစ်ပါးတည်းသောသားတော်၊ အဘနှင့်အတူရှိနေသော သားတော်၊ အဘဘုရားနှင့်အတူ ဘုရားဂုဏ်တော်ကို မျှဝေဆက်ခံသောသားတော်၊ ကိုယ်တိုင် ဘုရားဖြစ်တော်မူသောသားတော်ကို ပေးလိုက်ခြင်းပေတည်း (ကော ၁း၁၅-၂၀)။

ကျွန်ုပ်တို့ကို ကယ်တင်ရန် ဘုရားသခင်က သူ၏သားတော်ကိုပေးခြင်းအပေါ် သင်အံ့ဩနေပါသလား။ မအံ့ဩပါနှင့်။ ချစ်ခြင်းမေတ္တာနှင့် ပြည့်ဝသော ဘုရားက အမှန်ပင် ထိုသို့ပြုပေးမည်မလွဲပါ။ သူ၌ရှိသမျှ အကောင်းဆုံးအရာ အားလုံးသာမက မိမိကိုယ်ကိုပင် ပေးရန် တုံ့ဆိုင်းမှုမရှိသောသူပင် ဖြစ်သည်။ ကျွန်ုပ်တို့အတွက်ဆိုလျှင် သူ့ထံတွင် သူ့အတွက်ချန်ထား ၀ှက်ထားသောအရာ ဘာမျှမရှိပါ (ရော ၈း၃၂)။ ကိုယ်တော်သည် မိမိကိုယ်ကိုပင် ပေးအပ်လိုသော သဘောရှိကြောင်းကို ရိုးရှင်းစွာ သိမြင်နိုင်ပါသည်။ ကျွန်ုပ်တို့နှင့် ပတ်သက် ဆက်နွယ်နေသရွေ့ ကျွန်ုပ်တို့အပေါ်တွင် ကိုယ်တော်သည် မည်သည့် သတ်မှတ်ချက် စံကိုမျှ မထားရှိပါ။ ကျွန်ုပ်တို့အပေါ်ချစ်သော ဤနည်းလမ်းစဉ်သည် အံ့ဩစရာ မကောင်းပေဘူးလား။

ကျွန်ုပ်တို့သည် ကိုယ်တော်အား ပြန်လည်၍ မတုံ့ပြန်ဘဲ မည်သို့နေနိုင်မည်နည်း။