ဘုရားသခင်သည် စစ်မှန်သော အချစ်စစ်ဖြင့် ကျွန်ုပ်တို့အား အမှန်ချစ်ကြောင်း မည်ကဲ့သို့ သိနိုင်မည်နည်း။ သူ၏တစ်ပါးတည်းသော သားတော်ကို စွန့်လျက် ကျွန်ုပ်တို့အား ပေးသနားတော်မူသည့်တိုင်အောင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ အလွန်ကြီးမားကြောင်းကို ယောဟန်က ကျွန်ုပ်တို့အား အတိအလင်း ပြောကြားပါသည်။ ဂရိဘာသာစကားအရဆိုလျှင် ‘သူ၏တစ်ပါးတည်းသော သားတော်ကို ပေးအပ်ခြင်း’ သည် ဤလက်ဆောင် မည်မျှကြီးမြတ်ကြောင်း လေးလေးနက်နက် ဖော်ညွှန်းခြင်းဖြစ်သည်။ ယော ၁း၁၄ နှင့် ၁း၁၈ တွင် ‘တစ်ပါးတည်းသော’ ဟု ဖော်ပြထားရာ၊ ‘တုနှိုင်းဖွယ်ရာမရှိ၊ ပြိုင်ဘက်ကင်းခြင်း’ ဟူ၍ အဓိပ္ပာယ်ရပါသည်။ သို့သော် ဘုရားသခင်၏ တစ်ပါးတည်းသောသားတော်အစစ်အမှန်သည် မည်သူမည်ဝါဖြစ်သနည်း။ မည်သည့်အရာက သူ့အား ပြိုင်ဘက်ကင်းစေသနည်း။

အစဦးကပင် သခင်ယေရှု ကိုယ်တိုင် ဘုရားသခင်ဖြစ်သည်ဟု ရှင်ယောဟန်က အတိအလင်း ဖော်ပြထားသည် (ယော ၁း၁-၄)။ သူသည် ကျွန်ုပ်တို့အား ကယ်တင်ရန်အတွက် (မး ၁း၂၁၊ ယော ၃း၁၇၊ ၁ ယော ၄း၁၄) ကျွန်ုပ်တို့ကဲ့သို့ လူသားအဖြစ်ကို ခံယူသူ၊ ကျွန်ုပ်တို့နှင့်အတူရှိသူ (ယော ၁း၁၄၊ မ ၁း၂၃) ဖြစ်သည် ။ သူသည် ဘုရားဖြစ်ကြောင်းမယုံဘဲ သံသယရှိနေမှုများကို ဖယ်ရှားလျက် ‘ငါသည် ငါ့ခမည်းတော်နှင့် တစ်လုံးတစ်ဝတည်း ဖြစ်သည်။ …. ငါ့ကို မြင်သောသူသည် ခမည်းတော်ကို မြင်၏’ ဟု ယေရှုမိန့်ကြား တော်မူ သည် (ယော ၁၀း၃၀၊ ၁၄း၉) ။

လူ၏အကြီးမားဆုံးသော ပေးကမ်းခြင်းမှာ မိမိကိုယ်ကို စွန့်လွှတ်စတေးခံခြင်းပင်ဖြစ်သည်။ ဘုရားသခင်သည် အမှန်ပင် ထိုသို့ ပြုခဲ့သည်။ ကျွန်တော်တို့အား မည်မျှချစ်သည်ကို ဖော်ပြရန် သူ၏ကိုယ်ခန္ဓာ၊ သူ၏ အကောင်းဆုံးသောအရာ၊ သူ့အသက်စသည့် ကြီးမြတ်သော လက်ဆောင်ကို ကျွန်ုပ်တို့အား ပေးခဲ့သည် (ယော ၁၅း၁၃၊ ရော ၅း၆-၈၊ ၁ ယော ၄း၉-၁၀)။ နားလည်ရန် အလွန်ခက်ခဲနက်နဲသော ဘုရားသခင်၏ချစ်မေတ္တာကို ကျွန်ုပ်တို့ နားလည်သဘောပေါက်အောင် ယေရှုက ဖော်ထုတ်ပြသခဲ့သည်။

အကောင်းဆုံးသော လက်ဆောင်သည် ယေရှုခရစ်တော်ပင်ဖြစ်သည်။ ‘ပြော၍မကုန်နိုင်သော ဘုရားသခင်၏ ဆုကျေးဇူးတော်ကို အောက်မေ့၍ ချီးမွမ်းခြင်းရှိစေသတည်း’ (၂ ကော ၉း၁၅)။