အမျိုးတစ်ဦး၏ မင်္ဂလာဆောင်မှ အပြန် ၂ နာရီ ကြာ မောင်းရသော အိမ်အပြန်ခရီးတွင် အမေက ကျွန်မအလုပ်ခွင်၌ ဘာအသစ်အဆန်းရှိသနည်းဟု တတိယအကြိမ်မြောက် မေးပါသည်။ ကျွန်မလည်း သူ့ကို ပထမဆုံးအကြိမ် ပြောပြသကဲ့သို့ နောက်တစ်ကြိမ် အသေးစိတ် ထပ်ပြောပြနေရင်း ကျွန်မပြောသည့်စကားများကို မှတ်မိအောင် မည်သို့လုပ်ပေးရမည်နည်းဟု တွေးမိသည်။ အမေသည် မှတ်ဉာဏ်များ တစ်စတစ်စ ပျက်စီးယိုယွင်းသော သူငယ်ပြန် ရောဂါ (အယ်ဇိုင်းမား) ဝေဒနာ ခံစားနေရပြီး အပြုအမူများပါ ဆိုးဆိုးရွားရွား ထိခိုက်လာနိုင်သည်။ တဖြည်းဖြည်း စကားပါ မပြောတတ်တော့ဘဲ ထိုထက်ဆိုးသောအရာများလည်း ဖြစ်ကောင်းဖြစ်လာနိုင်သည်။
အမေ့ရောဂါအတွက် ကျွန်မ ၀မ်းနည်းကြေကွဲရ ပါသော်လည်း အမေ ကျွန်မတို့နှင့် အတူရှိနေခြင်း၊ အတူတကွ အချိန်ယူနိုင်၊ စကားပြောနိုင်ခြင်းများအတွက် ကျေးဇူးတင်မိသည်။ ကျွန်မ သူ့ထံ သွားရောက်လည်ပတ်တိုင်း ၀မ်းသာအားရဖြင့် ‘‘ဟယ် အယ်ဆင် ရောက်လာတယ်! ပျော်သွားပြီ၊ မထင်ထားဘူး။’’ ဟု အပျော်မျက်နှာနှင့် အမေစကားက ကျွန်မကို အလွန်ပီတိဖြစ်စေသည်။ အချင်းချင်း အဖော်ပြုပေးနေရခြင်းကို နှစ်သက်ပြီး စကားလုံးများကို မေ့သွားပြီး တိတ်ဆိတ်သွားသည့်တိုင် ဆက်လက်၍ ခံစားချက်များကို ဆက်သွယ်ဖလှယ်နိုင်ခဲ့သည်။
ဤအရာသည် ဘုရားသခင်နှင့်ကျွန်မတို့၏ ဆက်ဆံရေးကို ဖော်ပြသော အရာ တစ်ခု ဖြစ်ကောင်းဖြစ်မည်။ နှုတ်ကပတ်တော်က ‘‘ကြောက်ရွံ့သောသူနှင့် ကရုဏာတော်ကို မျှော်လင့်သောသူတို့ကို ထာဝရဘုရားနှစ်သက်တော်မူ၏’’ ဟု ဆိုထားပါသည် (ဆာ ၁၄၇း၁၁)။ ‘‘ကိုယ်တော်ကို ယုံကြည်သောသူတို့အား ဘုရားသခင်၏ သားဖြစ်ရသော အခွင့်ကို ပေးတော်မူ၏’’ (ယော ၁း၁၂)။ ကျွန်မတို့သည် တစ်စုံတစ်ရာကို ထပ်ခါထပ်ခါ တောင်းဆိုနေလည်း (သို့) ပြောစရာစကား မရှိဖြစ်နေလည်း၊ ကိုယ်တော်သည် ကျွန်မတို့အပေါ် သည်းခံ စိတ်ရှည်သည်။ အကြောင်းမှာ ကျွန်မတို့ကို ရင်းနှီးကျွမ်းဝင်စွာ ချစ်သော မေတ္တာတရား ရှိနေသောကြောင့်ပင်။ စကားလုံးများဖြင့် မဖော်ပြနိုင် သော်လည်း ဆုတောင်းခြင်းဖြင့် ကိုယ်တော်နှင့်စကားပြောသောအခါ ကိုယ်တော် အလွန် ကြည်နူးနှစ်သက်ပါသည်။ ALYSON KIEDA