‘‘သမီးငယ်ငယ်က အဖေခရီးထွက်တာ များတယ်’’ ဟု အဖေ ကျွန်မကို ၀န်ခံခဲ့ဖူးသည်။ ကျွန်မ မမှတ်မိပါ။ တစ်နေ့လုံး ရုံးတက်ပြီးလျှင် ညနေပိုင်းအချိန်တွင် အသင်းတော် ကွာယာ သံစုံကို သွားလေ့ကျင့်ပေးတတ်သလို တစ်လတွင် တစ်ပတ် (သို့) နှစ်ပတ်မျှ မကြာခဏ
အမျိုးသား လေးယောက်သံစုံအဖွဲ့ဖြင့် ခရီးထွက်တတ်သည်။ သို့သော် ကျွန်မ ဘ၀၏ အရေးကြီးသော အချိန်တိုင်းတွင် အဖေသည် ကျွန်မအနား ရှိနေခဲ့သည်။
ဥပမာ- ကျွန်မ ၈ နှစ် သမီးအရွယ်က နေ့လယ်ချိန် ကပြသည့် ကျောင်းပြဇာတ်၏ဇာတ်ဝင်ခန်း တစ်ခန်း၌ ကျွန်မ ပါဝင်ကပြခဲ့ရသည်။ ပွဲသို့ တက်ရောက်လာသည့် မိခင်များ ကြားတွင် ဖခင်တစ်ဦးတည်းသာပါပြီး ထိုသူမှာ ကျွန်မ၏ အဖေဖြစ်သည်။ ကျွန်မတို့ ညီအစ်မသည် သူ့အတွက် အရေးကြီးကြောင်းနှင့် ကျွန်မတို့ကို ချစ်ကြောင်း အသေးအမွှား နည်းလမ်းများစွာဖြင့် ပြသခဲ့သည်။ ထို့ပြင် အမေ၏ အသက်ရှင်ခဲ့သော နောက်ဆုံးနှစ်များတွင် ကြင်နာစွာ ပြုစုယုယပုံကို မြင်ရခြင်းဖြင့် တစ်ကိုယ်ကောင်း မဆန်၊ အနစ်နာခံတတ်သော အဖေမျိုးဖြစ်သည်။ ထို့အတူပင် ခရစ်ယာန်ဖခင်တစ်ဦး ပြုစုဆောင်ရွက်သင့်သောအရာ၊ စံနမူနာပင်ဖြစ်သည်။
လောကဖခင်များသည် သားသမီးများကို စိတ်ပျက်၊ စိတ်နာစေသော အချိန်များ ရှိပါသည်။ သို့သော် ကျွန်ုပ်တို့၏ကောင်းကင်ဘုံ၌ရှိသောအဘမူကား ‘‘သနားတတ်သော သဘော၊ ကျေးဇူးပြုတတ်သောသဘော၊ စိတ်ရှည်၍ ကရုဏာ ကြွယ်ဝသောသဘော’’ ရှိသူဖြစ်သည် (ဆာ ၁၀၃း၈)။ ဘုရားသခင်ကို ချစ်သောဖခင်တစ်ယောက်သည် အမှားပြင်ပေး၊ သက်သာမှုပေး၊ သွန်သင်လမ်းပြပေး၊ သားသမီးများ၏ လိုအင်များကို ထောက်ပံ့ပေးနေသောအခါ ကောင်းကင်နိုင်ငံရှိ ပြည့်ဝစုံလင်သောအဘ၏ ပုံသက်သေကို သားသမီးများအား ဖော်ပြနေပါသည်။ CINDY HESS KASPER