Tham Dashu သည် သူ့ဘ၀၌ တစ်ခုခုလိုနေသည်ဟု ခံစားရသည်။ သို့နှင့် သူ့သမီး တတ်ရောက်သည့် ဘုရားကျောင်းသို့ စတင်တက်ရောက်သည်။ သို့သော် သူတို့ သားအဖ နှစ်ဦးသည် တစ်ခါမှ အတူတူ တွဲမသွားကြပေ။ ယခင်က သမီးဖြစ်သူကို သူစိတ်ဒုက္ခ ပေးခဲ့သည့်အတွက် သူတို့ နှစ်ဦးကြား အမုန်းပွားခဲ့သည်။ ထို့ကြောင့် Tham သည် သီချင်းစဆိုသည့် အချိန်မှသာ ဘုရားကျောင်းထဲ လျှိုဝင် လာပြီး ၀တ်ပြုစည်းဝေးပြီးသည်နှင့် ချက်ခြင်းပြန်သွားသည်။
အသင်းသားများက သူ့ကို ဧ၀ံဂေလိသတင်းစကား ဝေမျှသော်လည်း သခင်ယေရှုကို ယုံကြည်လက်ခံရန် ဖိတ်ခေါ်ချက်ကို Tham က အမြဲလိုလိုပင် သိမ်မွေ့စွာ ငြင်းဆို ခဲ့သည်။ ထိုသို့ဖြစ်သည့်တိုင် ဘုရားကျောင်းသို့သူသွားမြဲသွားခဲ့သည်။
တစ်နေ့တွင် Tham သည် အပြင်းအထန် နာမကျန်း ဖြစ်လေရာ၊ သမီးက အားတင်းလျက် ဖခင်ထံ စာတစ်စောင် ရေးခဲ့သည်။ သူ့အသက်တာကို သခင်ခရစ်တော် ပြောင်းလဲပေးခဲ့ပုံအကြောင်းကို ဝေမျှလျက် ဖခင်နှင့်ပြန်လည် ပြေလည်ရန် ရှာကြံခဲ့သည်။ ထိုညတွင် Tham သည် သခင်ယေရှုကို ယုံကြည်လက်ခံပြီး မိသားစုမှာလည်း ပြန်ပြေလည်ခဲ့သည်။ နောက်ရက် အနည်းငယ်တွင် Tham ကွယ်လွန်သွားပြီး၊ ဘုရားသခင်နှင့် လည်းကောင်း၊ သူချစ်သော သူများနှင့်လည်းကောင်း၊ ပြေလည်ရန်ငြိမ်းကာ သခင်ယေရှု၏ မျက်မှောက်တော်သို့ ၀င်စားသွားသည်။
လူအပေါင်းတို့အား ဘုရားသခင်၏မေတ္တာ၊ ဘုရား၏ခွင့်လွှတ်ခြင်းအကြောင်း သမ္မာတရားကို ကျွန်ုပ်တို့ ‘‘နှိုးဆော်သွေးဆောင်’’ ရမည်ဟု တမန်တော်ရှင်ပေါလုက ရေးသားခဲ့သည် (၂ ကော ၅း၁၁)။ ဘုရားရှင်၏ရန်ပြေငြိမ်းခြင်းအမှုကို ဆောင်ရွက်ရန် ‘‘ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်သည် ကျွန်ုပ်တို့ကို အနိုင်အထက် သွေးဆောင်၏’’ ဟု ရှင်ပေါလု ပြောကြားခဲ့သည် (း၁၅)။
ကျွန်ုပ်တို့နှင့် ရန်ငြိမ်းပြေလည်လိုသည့် ဘုရားသခင်၏ဆန္ဒကို သူတစ်ပါးတို့ သိနားလည်နိုင်အောင် ကျွန်ုပ်တို့၏ခွင့်လွှတ်လိုသည့်စိတ်ထားက အထောက်အကူ ဖြစ်နိုင်ကောင်းသည် (း၁၉)။ ယနေ့ ဘုရားသခင်၏မေတ္တာကို တစ်ပါးသူတို့အား ပြသရန် ကိုယ်တော်၏ ခွန်အားတော်၌ သင်အမှီပြုအားယူမည်လား။ POH FANG CHIA