ဆေးရုံတွင် ခင်ပွန်းသည်နှင့်အတူ စိုးရိမ်ကြောင့်ကြမှုကြီးစွာနှင့် ကျွန်မစောင့်ဆိုင်းနေခဲ့ ရသည်။ ကျွန်မတို့၏သားငယ်မှာ မျက်စိပြန်တည့်မတ်ရန် ခွဲစိတ်မှုခံယူနေရပြီး ကျွန်မမှာ ပူပန်စိုးရိမ်မှုများဖြင့် ရင်ထဲယောက်ယက်ခတ်နေသည်။ ကြိုးစားဆုတောင်းရင်း ဘုရားသခင်၏ငြိမ်သက်ခြင်းကို ပေးသနားရန် ကျွန်မတောင်းခံသည်။ ကျွန်မ၏ ကျမ်းစာအုပ်ကို အလျင်အမြန် လှန်လှောရင်း ဟေရှာယ အခန်းကြီး ၄၀ ကို သတိရသဖြင့် ကျွမ်းဝင်ပြီးသား ကျမ်းပိုဒ်ကိုလှန်ရင်း အသစ်သော ဖွင့်ပြချက်တစ်ခုခုများ တွေ့ရမလားဟု တွေးလိုက်သည်။
သခင်သည် ‘‘မိမိသိုးစုကို သိုးထိန်းကဲ့သို့ ကျွေးမွေး တော်မည်။’’ ‘‘သိုးသူငယ်တို့ကို ချီ၍ ပွေ့ပိုက်တော်မူမည်’’ (း၁၁) ဟူသည့် ကျမ်းချက်ကို ဖတ်လိုက်စဉ် လွန်ခဲ့သော နှစ်ပေါင်းများစွာက ဤကျမ်းပိုဒ်အားဖြင့် ကျွန်မကို တစ်ကြိမ်သတိပေးခဲ့သည်ကို ပြန်သတိရလိုက်ပြီး ကျွန်မ အသက်ရှုရပ်သွားသည်။ သခင်သည် ကျွန်မတို့ကို ဆွဲကိုင်ကာ ဦးဆောင်လျက် ဂရုပြုပေးကြောင်း သိလိုက်ရ၍ ထိုအချိန်ခဏလေးမှာပင် ကျွန်မ၏ပူပင်သောကများ ပျောက်လွှင့်သွားသည်။ အသက်ကို ညင်သာစွာ ရှုထုတ်လိုက်ပြီး ‘‘ကျွန်မလိုနေတာ အဲဒါပဲ သခင်’’ဟု စိတ်အေးသွားသည်။ ခွဲစိတ်နေစဉ်နှင့်ခွဲစိတ်မှု ပြီးသွားပြီးနောက်ပိုင်း ဘုရားသခင်၏ငြိမ်သက်ခြင်းက ကျွန်မကို ၀န်းရံထားသကဲ့သို့ ခံစားခဲ့သည်။ (စင်စစ် ခွဲစိတ်မှုလည်း အောင်မြင်ခဲ့ပါသည်။)
ဘုရားသခင်သည် လူမျိုးတော်တို့၏သိုးထိန်း၊ နေ့ရက်စဉ်တိုင်း အသက်ရှင်မှု၌ ဦးဆောင်သွားမည်၊ နှစ်သိမ့်မှုပေးမည်ဟု သူ့လူမျိုးတော်တို့ကို ပရောဖက် ဟေရှာယ အားဖြင့် ဘုရားသခင် ကတိပေးခဲ့ပါသည်။ မိမိတို့၏ပူပင်သောက အတွေးများကို ကိုယ်တော့်အား ပြောပြပြီး ကိုယ်တော်၏မေတ္တာတော်နှင့် ငြိမ်သက်ခြင်းကို ကြိုးစား ရှာဖွေလျှင် ကျွန်မတို့လည်း ကိုယ်တော်၏ ကြင်နာသော စောင့်ရှောက်မှုကို သိရှိနိုင်သည်။ ဘုရားသခင်သည် ကျွန်မတို့၏ကောင်းသောသိုးထိန်းဖြစ်ကြောင်း၊ သူ့နှလုံးသားနှင့်အနီးဆုံး၌ ကျွန်မတို့ကို ပိုက်ပွေ့ထားပြီး ထာဝရတည်သောလက်တော်ဖြင့် ချီဆောင် ကြောင်းကို ကျွန်မတို့သိသည်။ AMY BOUCHER PYE