‘‘Leading by Naming’’ ဟူသော ဆောင်းပါး၌ အမည်နာမ၏အစွမ်းတန်ခိုးအကြောင်းကို မာ့ခ် လက်ဘတန် က ရေးသားခဲ့သည်။ ‘‘ကျွန်တော့်မိတ်ဆွေ ဂီတသမားတစ်ဦးက ကျွန်တော့်ကို ဂီတသမားလို့ ခေါ်လိုက်တဲ့ တစ်နေ့မှာ ရလိုက်တဲ့ အကျိုးသက်ရောက်မှုကို အခုထိတိုင် ခံစားနေတုန်းဘဲ။ ဘယ်သူကမှ ကျွန်တော့်ကို အဲဒီလို မခေါ်ကြဘူး။ တစ်ကယ်လည်း ဘယ်တူရိယာကိုမှ မတီးခတ်ပါဘူး။ သီချင်းသီဆိုဖျော်ဖြေသူလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ငါ့ကို လူတွေသိပြီး နှစ်သက်ကြတယ်လို့ ခံစားလိုက်ရတယ်။ … ကျွန်တော့်ရဲ့အကြောင်း အတွင်းကျကျကို (သူက) သတိပြုမိတယ်၊ အထောက်အထားပြပြီး ချီးကျူးတယ်၊ အသိမှတ်ပြုတယ်လို့ ခံစားရတယ်’’ ဟု သူရေးသားခဲ့သည်။
သခင်ယေရှုက ရှိမုန်ကို နာမည်ပြောင်းပေးသည့် အချိန်၌ ရှိမုန်လည်း ဤကဲ့သို့ ခံစားကောင်းခံစားရနိုင်သည်။ သခင်ယေရှုသည် မေရှိယဖြစ်ကြောင်း အနြေ္ဒ အခိုင်အမာ ယုံကြည်သွားသည့်အခါ သူ့အစ်ကို ရှိမုန်ကို ချက်ခြင်းရှာပြီး သခင်ယေရှုထံ ခေါ်သွား သည်(ယော ၁း၄၁-၄၂)။ သခင်ယေရှုက ရှိမုန်၏စိတ်ဝိညာဉ်ကို ထွင်းဖောက် ကြည့်မြင်ပြီး ရှိမုန်အထဲမှ နက်နက်နဲနဲ ရှိနေသော သူ့ပုံရိပ်အစစ်အမှန်ကို အသိအမှတ် ပြုပေးခဲ့သည်။ ရှိမုန်၏အားနည်းကျရှုံးမှု၊ စိတ်မြန်လက်မြန်လုပ်တတ်သောအကျင့်က သူ့ကို ဒုက္ခပေးမည်ကို သခင်ယေရှု မြင်ပါသည်။ သို့သော် ထိုအရာများကိုကျော်ပြီး အသင်းတော်ခေါင်းဆောင်တစ်ဦးဖြစ်လာမည့် ရှိမုန်၏အလားအလာကောင်းကို သခင် မြင်သည်။ သခင်ယေရှုက သူ့ကို ကေဖ- အာရပ်စကားဖြင့် ပေတရု – ကျောက်ဟူ၍ အမည်မှည့်ပေးခဲ့သည် (ယော ၁း၄၂၊ မ ၁၆း၁၈ ကို ဖတ်ပါ)။
ထို့အတူပင် ကျွန်ုပ်တို့၏ မာန်မာန၊ ဒေါသ၊ သူတစ်ပါးကို မချစ်တတ်သည့် စိတ်ထားများကို ဘုရားရှင်မြင်ပါသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ဖြောင့်မတ်သူ ဖြစ်စေပြီး ကျွန်ုပ်တို့နှင့် ပြန်လည်သင့်မြတ်ရန်ငြိမ်းခဲ့သည် (ရော ၅း၉-၁၀)။ ကျွန်ုပ်တို့ကို ခွင့်လွှတ်ပြီး သန့်ရှင်းစင်ကြယ်စေလျက် ချစ်မြတ်နိုးမူ၏ (ကော ၂း၁၃၊ ၃း၁၂)။ ကျွန်ုပ်တို့ကို ရွေးချယ်ပြီး သစ္စာတည်စေသည် (ဗျာ ၁၇း၁၄)။ ဘုရားသခင်သည် သင့်ကို မည်ကဲ့သို့ရှုမြင်ကြောင်း၊ သင်၏ဖြစ်တည်မှုအမှန်အတိုင်း ဖြစ်လာအောင် ရှာကြံလုပ်ဆောင်နေကြောင်းကို သတိရပါ။ MARVIN WILLIAMS