၁၉၉၂ ခုနှစ်က ဖြစ်ခဲ့သည့် ထိခိုက်ဒဏ်ရာကြောင့် ကျွန်ုပ်၏ကျောအပေါ်ပိုင်း၊ ပခုံးနှင့် လည်ပင်းတို့တွင် နာတာရှည် နာကျင်မှုဝေဒနာကို ခံစားရသည်။ အလွန်နာကျင် စိတ်ပျက် အားလျော့ရသည့်အချိန်များအတွင်း ဘုရားသခင်ကို ယုံကြည်ကိုးစားပြီး ချီးမွမ်းရန် မလွယ်ကူပါ။ သို့သော် မခံမရပ်နိုင်အောင်ဖြစ်လာချိန်၌ ဘုရားသခင်၏ အစဉ်တည်ရှိမှုက ကျွန်ုပ်အတွက် နှစ်သိမ့်သက်သာရာ ဖြစ်သည်။ ကိုယ်တော် သည် ကျွန်ုပ်ကို ခွန်အားပေးလျက် သူ၏မပြောင်းလဲသော ကောင်းမြတ်ခြင်း၊ အကန့်အသတ်မဲ့သောတန်ခိုးတော်နှင့် မစထောက်ပင့်သော ကျေးဇူးတော်အားဖြင့် ကျွန်ုပ်ကို နှစ်သိမ့်သည်။ သခင့်အပေါ် သံသယ၀င်ရန် သွေးဆောင် ခံရချိန်၌ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၏ ခိုင်မာ ပြတ်သားသော ယုံကြည်ခြင်းက ကျွန်ုပ်ကို အားတက်စေ သည်။ သူတို့၏အနေအထားမှာ မျှော်လင့်ချက်မဲ့နေပုံ ပေါ်သည့်တိုင် သူတို့သည် ဘုရားသခင်ကို ၀တ်ပြုကိုးကွယ် ကြပြီး ကိုယ်တော်သည် သူတို့နှင့်အတူရှိကြောင်း ယုံကြည်စိတ်ချသည်။

နေဗုခဒ်နေဇာမင်းကြီးက စစ်မှန်သောဘုရားသခင်ကို ငြင်းပယ်ပြီး ရွှေရုပ်တုကို မကိုးကွယ်ပါက သူတို့ကို မီးလောင်နေသောမီးဖိုကြီးထဲသို့ ပစ်ချလိုက်မည်ဟု ခြိမ်းခြောက်သောအခါ (ဒံ ၃း၁၃-၁၅)၊ ဤအမျိုးသားသုံးဦးသည် ရဲရင့်ခြင်းသတ္တိနှင့် စိတ်ချမှု အပြည့်ရှိသည့် ယုံကြည်ခြင်းကို ပြခဲ့ကြသည်။ သူတို့ ယခုကြုံရသည့် အကျပ်အတည်းမှ ဘုရား‘‘ကယ်လွတ်တော်မမူသော်လည်း’’ (း၁၈)၊ ဘုရားသခင်သည် ကိုးကွယ်ထိုက်သော ဘုရားဖြစ်ကြောင်းကို သူတို့ဘယ်သောအခါမှ သံသယမ၀င်ခဲ့ပါ(း၁၇)။ ဘုရားသခင် သည်လည်း သူတို့ အကူအညီလိုအပ်ချိန်၌ သူတို့ကို ပစ်မထားပါ။ ကိုယ်တော်သည် သူတို့ထံရောက်လာပြီး မီးပြင်းဖိုမှ သူတို့ကို ကာကွယ်ခဲ့သည် (း၂၄-၂၅)။

ကျွန်ုပ်တို့ကိုလည်း ဘုရားသခင် ပစ်မထားပါ။ နေဗုခဒ်နေဇာမင်း၏ မီးပြင်းဖို ကဲ့သို့ ဖျက်ဆီးနိုင်စွမ်းသည့်စုံစမ်းခြင်းကို ဖြတ်သန်းရချိန်တွင် ဘုရားသခင်သည် ကျွန်ုပ်တို့နှင့် ရှိနေပါသည်။ ထာဝရကာလ၏ဤတစ်ဘက်ကမ်း၌ ကျွန်ုပ်တို့၏ဝေဒနာခံစားရမှုများ ဆုံးခန်းမတိုင်သည့်တိုင် ဘုရားသခင်သည်  တန်ခိုးတော်ကြီးမြတ်ပြီး ယုံကြည်ကိုးစား ထိုက်သူ၊ ကောင်းမြတ်တော်မူသောသူဖြစ်သည်။ ကာလအဆက်ဆက် မပြောင်းမလဲ ရှိနေဦးမည်ပင်။ ကိုယ်တော်၏ အစဉ်အမြဲတည်ရှိမှု၊ ကြင်နာမှုနှင့်ပြည့်သော တည်ရှိမှု အပေါ် ကျွန်ုပ်တို့ အမှီပြုနိုင်ပါသည်။ XOCHITL DIXON