ကောလိပ်ကျောင်းအောင်ပြီးနောက် လစာမကောင်းသည့်အလုပ်တစ်ခုကို ကျွန်မဝင်လုပ် သည်။ ငွေကြေးအတော် ကြပ်တည်းခဲ့၍ ထမင်းနောက်တစ်နပ် စားဖို့ပင် မလောက်ငှခဲ့ပါ။ ထို့ကြောင့် ကျွန်မကို နေ့စဉ်ကျွေးမွေးရန် ဘုရားသခင်ကို အားကိုးရန် သင်ယူခဲ့ရသည်။

ထိုအခါ ပရောဖက်ကြီးဧလိယ၏အတွေ့အကြုံကို ကျွန်မပြန်သတိရမိသည်။ သူလည်း နေ့စဉ်စားရေးသောက်ရေးအတွက် ဘုရားရှင်ကို အားကိုးခဲ့ရသည်။ ဣသရေလပြည်၌ မိုးခေါင်စေမည် အကြောင်း ဘုရားသခင်၏စီရင်ခြင်းကို ပရောဖက်ပြု ဟောကြား ပြီးသည့်နောက် ဘုရားသခင်က သူ့ကို တောအရပ် ခေရိတ်ချောင်းသို့ ပို့ဆောင်ခဲ့ပြီး ကျီးအကို အသုံးပြုလျက် ဧလိယအတွက် အစာများ ပို့ဆောင်ပေးသည်။ ချောင်းထဲမှ ရေများက သူ့ကို ရွှင်လန်းစေခဲ့သည် (၃ ရာ ၁၇း၁-၄)။

သို့သော် မိုးခေါင်သောကာလတွင် တဖြည်းဖြည်းနှင့် ချောင်းရေခမ်းခြောက် သွားသည်။ ထိုအခါ ဘုရားသခင်က ‘‘ဇိဒုန်ပြည်၊ ဇရတ္တုမြို့သို့သွား၍ နေလော့။ ထိုမြို့၌ နေသော မုဆိုးမတစ်ယောက်သည် သင့်ကို ကျွေးမွေးမည်အကြောင်း ငါမှာထားပြီဟု မိန့်တော်မူသည်’’ (း၉)။ ဇရတ္တမြို့သည် ပိုနီးရှားပြည်တွင်ရှိပြီး ထိုပြည်သားတို့သည် ဣသရေလတို့၏ရန်သူဖြစ်သည်။ ဧလိယကို မည်သူလက်ခံမည်နည်း။ ဆင်းရဲသော မုဆိုးမ၌ အစာရေစာရှိပါမည်လား။

မိမိ၏ဥစ္စာရိက္ခာများ ကုန်သွားမှ မဟုတ်ပါ။ ဘုရားသခင်က ကျွန်မတို့ကို တစ်နေ့စာ တစ်နေ့မက ကြွယ်ဝစွာ ပြင်ဆင်ပေးသနားသည်။ ကျွေးမွေးသည်။ ချစ်တော် မူသော အဘဘုရားက ‘‘ငါ့ကို စိတ်ချပါ’’ ဟုဖြည်းညင်းစွာ မိန့်ကြားသည်။ ကျီးအနှင့် မုဆိုးမအားဖြင့် ဧလိယအတွက် ပြင်ဆင်ခဲ့သလို ကိုယ်တော်အတွက် ခက်ခဲသောအရာ မတတ်နိုင်သောအရာ ဘာမှမရှိပါ။ ကျွန်မတို့၏နေ့စဉ်စားဝတ်နေရေးအတွက် ဘုရား သခင်၏မေတ္တာတော်နှင့် တန်ခိုးတော်အပေါ် စိတ်ချထားနိုင်ပါသည်။  POH FANG CHIA