ကျွန်မ အသက် ၁၃ နှစ်အရွယ်က ကျောင်း၌ အဓိက ဘာသာရပ် ၄ ခု အပြင် အခြေခံ အိမ်တွင်းမှု၊ စီးပွားရေး၊ အနုပညာ၊ သံစုံသီချင်းအဖွဲ့နှင့် လက်သမားအတတ်ပညာ (အိမ်ဆောက်ရန် သစ်သားများပုံဖော်ခြင်း-woodworking) စသည့် ဘာသာရပ်များကိုပါ သင်ယူရမည်ဖြစ်သည်။ သံစုံသီချင်းသင်တန်း၏ ပထမဆုံးရက်တွင် နည်းပြက ကျွန်မတို့ တစ်ယောက်ချင်းစီကို စန္ဒရားအနီးသို့ခေါ်၍ အသံစစ်ပြီး နေရာချသည်။ ကျွန်မအလှည့်၌ ဆရာတီးသော တီးလုံးကို အကြိမ်ကြိမ် ဆိုပြခဲ့သော်လည်း ကျွန်မကို နေရာမချဘဲ ကျွန်မကို တိုင်ပင်ဆွေးနွေးသည့်အခန်းသို့ ပို့ပြီး အခြား သင်တန်းတစ်ခုကို ရွေးချယ်ရန် တိုင်ပင်စေပါသည်။ ထိုအချိန်မှစ၍ ကျွန်မသိလိုက်သည်မှာ ကျွန်မအသံသည် သီချင်းသံကြား၌ မကြားသင့်သောအသံဖြစ်သောကြောင့် ဘယ်သောအခါမှ သီချင်းမဆိုသင့်ကြောင်းပေတည်း။

ထိုအတွေးက ဆယ်စုနှစ်တစ်ခုကျော်တိုင်အောင် စွဲနေခဲ့သည်။ ထို့နောက် လူလတ်ပိုင်းအရွယ်တွင် ဆာလံ ၉၈ ကို ဖတ်မိသည်။ ဆာလံဆရာက ‘‘ထာဝရဘုရားအား အသစ်သောသီချင်းကို ဆိုကြလော့’’ ဟု ဖိတ်ခေါ်၍ အစပြုထားပါသည်။ ကျွန်မတို့ အသံ ကောင်းခြင်း မကောင်းခြင်းနှင့် မဆိုင်ပါ။ ဘုရားသခင်သည် သူ၏သားသမီးများ သူ့ကို ချီးမွမ်းကျေးဇူးတင်ရုံနှင့်တင် ဝမ်းမြောက်ကျေနပ်သောအရှင် ဖြစ်သည်။ ‘‘အံ့ဖွယ်သော အမှုတို့ကို ပြုတော်မူပြီ’’ ဖြစ်၍ ဘုရားသခင်အား ချီးမွမ်းရန် ဖိတ်ခေါ်ခြင်း ဖြစ်ပါသည်။

ကျွန်မတို့၏အသက်တာ၌ အပြစ်မှကယ်တင်ခဲ့ခြင်းနှင့် ရှေ့ဆက်အသက်တာ အတွက် သစ္စာတော်မပြတ် ဆက်လက်ပို့ဆောင်ခြင်း စသည့် ချီးမွမ်းသင့်သော အံ့ဖွယ်ရာ အချက် ၂ ချက် အတွက် ဘုရားသခင်၏ ဂုဏ်ကျေးဇူးတော်ကို ဝမ်းမြောက်ဝမ်းသာစွာဖြင့် သီချင်းအားဖြင့်လည်းကောင်း၊ ကိုယ်အမူအရာအားဖြင့်လည်းကောင်း ချီးမွမ်းရန် ဆာလံဆရာကမီးမောင်းထိုးပြသည်။ ဘုရားသခင်၏သံစုံသီချင်းအဖွဲ့တွင် ကိုယ်တော် ပြုခဲ့ပေးသောအံ့ဖွယ်အရာများအတွက် ဂုဏ်တော်ချီးမွမ်းရန် ကိုယ်စီနေရာ တစ်နေရာစီ ရှိပါသည်။ KIRSTEN HOLMBERG