ကျွန်မသူငယ်ချင်းနှင့်ကျွန်မ လမ်းလျှောက်ထွက်ရင်း ကျွန်မတို့ကျမ်းစာကို နှစ်သက် မြတ်နိုး သဘောကျကြောင်းပြောဖြစ်ခဲ့သည်။ သို့သော် သူငယ်ချင်းက ‘‘ငါတော့ ဓမ္မဟောင်းကျမ်းကို သိပ်မကြိုက်ဘူး။ ခေါင်းမာတဲ့လူတွေ၊ လက်စားချေတဲ့အကြောင်း တွေနဲ့၊ ယေရှုကိုပဲ ပေးပါကွယ်’’ ဟုပြောသဖြင့် ကျွန်မအံ့အားသင့်မိသည်။

နာဟုံအနာဂတ္တိကျမ်း ၁း၂ တွင် ‘‘ထာဝရဘုရားသည် ဒဏ်ပေး၍ အမျက်ပြင်းထန်တော်မူ၏’’ ဟုဖတ်ရှုရသောအခါ ‘‘သူပြောတာလည်း မှန်သား’’ဟု ကျွန်မသံယောင်လိုက်မိ သည်။ သို့သော် ကျမ်းနောက်တစ်ပိုဒ်ကမူ မျှော်လင့်ခြင်းကို ပေးသည်။ ‘‘ထာဝရဘုရားသည် စိတ်ရှည်တော်မူ၏။ တန်ခိုးလည်း ကြီးတော်မူ၏’’ (း၃)။

ဘုရားသခင်၏ အမျက်ဒေါသအကြောင်းကို နှိုက်နှိုက် ချွတ်ချွတ် လေ့လာသောအခါ ဘုရားသခင်သည် ဒဏ်ပေးသည့်စနစ် ကျင့်သုံး သည်တွင် သူ့လူများနှင့် သူ့နာမတော်ကို ကာကွယ်ရန်အတွက်ဖြစ်ကြောင်း တွေ့ရသည်။ ပြည့်လျှံလျက် တသွင်သွင်စီးဆင်းနေသည့် ဘုရားရှင်၏မေတ္တာတော်ကြောင့် မှားယွင်း ကျူးလွန်သောအမှုအတွက် ကိုယ်တော်သည် တရားမျှတခြင်းကို ပေးသည်။ သူ့ကို ကျောခိုင်းသွားသူများကို ရွေးနုတ်ကယ်တင်သည်။ ဤအချက်ကို သူ့လူများကို သူ့ထံ ပြန်လည်ဆွဲခေါ်သည့် ဓမ္မဟောင်းကျမ်းမှ အဖြစ်အပျက်များတွင် သာမက ဓမ္မသစ်ကျမ်းမှ ကျွန်ုပ်တို့၏အပြစ်အတွက် အသေခံပေးဆပ်ရန် တစ်ပါးတည်းသောသားတော်ကို လောကသို့ စေလွှတ်ခဲ့ခြင်းအမှုတွင်ပါ တွေ့ရသည်။

ဘုရားသခင်၏ လျှို့ဝှက်နက်နဲသော သဘောတော်ကို ကျွန်မတို့နားလည်ချင်မှ နားလည်နိုင်မည်။ သို့သော် ကိုယ်တော်သည် တရားမျှတမှုကို လက်ကိုင်ထားရုံမက မေတ္တာတော်အလုံးစုံ၏အရင်းအမြစ်လည်းဖြစ်ကြောင်းကို ကျွန်မတို့စိတ်ချထားနိုင် ပါသည်။ ကျွန်မတို့ ကိုယ်တော်ကို ကြောက်စရာမလိုပါ။ အဘယ်ကြောင့်ဆိုသော် ‘‘ထာဝရဘုရားသည် ကောင်းတော်မူ၏။ အမှုရောက်သောအခါ ရဲတိုက်ဖြစ်တော်မူ၏။ ခိုလှုံသော သူတို့ကို သိမှတ်တော်မူ’’(း၇) ခြင်းကြောင့် ဖြစ်သည်။ AMY BOUCHER PYE