ကျွန်တော့်ဖခင်သည် ဖခင်ကောင်းတစ်ဦးဖြစ်သလို ကျွန်တော်ကလည်း တာဝန်ကျေပြီး သိတတ်လိမ္မာသောသားဖြစ်သည်။ သို့သော် ကျွန်တော့်ဖခင် တောင့်တသောအရာတစ်ခုကို ကျွန်တော် မပေးခဲ့ပါ။ ၎င်းမှာ မိမိကိုယ်ကို ဖွင့်ပြခြင်းဖြစ်သည်။ အဖေက အေးဆေးသူ ဖြစ်ပြီး ကျွန်တော်ကလည်း နှုတ်နည်းသည်။ ကျွန်တော်တို့ သားအဖနှစ်ဦးသည် ဘေးချင်းယှဉ်လျက် နာရီများစွာ အလုပ်လုပ်ခဲ့ချိန်များ ရှိခဲ့သော်လည်း တစ်ဦးနှင့်တစ်ဦး စကားတစ်ခွန်းမျှပင် မပြောပါ။ အဖေက ဘယ်တော့မှ မမေးမြန်း မစပ်စုသလို ကျွန်တော်၏ အတွင်းစိတ်ခံစားချက်၊ စိတ်ကူးယဉ်အိမ်မက်၊ မျှော်လင့်ချက်၊ ကျွန်တော်စိုးရိမ်သည့်အရာများကို ကျွန်တော် လုံးဝမပြောခဲ့ပါ။

ထိုသို့ မပွင့်တစ်ပွင့် အုံ့ပုံးအနေအထားမှ ကျွန်တော် အချိန်မီနိုးထခဲ့ပါသည်။ ကျွန်တော့် သားကြီးမွေးလာချိန်နှင့် သားများ လောကထဲသို့ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားချိန်များ၌ ကျွန်တော် အသိတရားဝင်ခဲ့သည်။ အဖေ့အတွက် သားတစ်ဦးထက်ပိုကောင်းရန် ကျွန်တော်ယခုမှ တောင့်တမိသည်။

အဖေ့ကို ပြောပြတိုင်ပင်နိုင်သည့်အရာများကို ကျွန်တော်တွေးရင်း ‘အဖေလည်း ငါ့ကို ဒါတွေ… ဒါတွေ ပြောပြခဲ့ရင် ကောင်းမှာပဲ’ ဟုလည်း တွေးမိသည်။ အဖေ ကွယ်လွန်သွားချိန်၌ အဖေ၏ခေါင်းတလားအနီးတွင် ရပ်ရင်း ကျွန်တော့် ခံစားချက်များကို နားလည်အောင် ကြိုးစားရုန်းကန်ခဲ့ရသည်။ ‘‘အခုတော့ အရမ်းနောက်ကျသွားပြီ မဟုတ်လား’’ ဟု ကျွန်တော့်ဇနီးက ဆိုသည်။ ဟုတ်ပါသည် အမှန်ပင် အချိန်နှောင်းခဲ့ပါပြီ။

ကောင်းကင်နိုင်ငံ၌ ကျွန်တော်တို့သားအဖ၏ဆက်ဆံရေးကို အကောင်းဆုံး ပြန်လည်တည်ဆောက်နိုင်မည်ဟု မျှော်လင့်နှစ်သိမ့်မိပါသည်။ ထိုအရပ်၌ မျက်ရည် ရှိသမျှကို ကိုယ်တော် သုတ်ပေးမည် မဟုတ်ပါလား (ဗျာ ၂၁း၎)။

သခင်ယေရှုကို ယုံကြည်သူများအတွက် သေခြင်းသည် ချစ်ခြင်းမေတ္တာများ အဆုံးသတ်သွားရာ အမှတ်မဟုတ်ဘဲ၊ အမြင်မှား အထင်မှား နားလည်မှုလွဲမှားခဲ့သည့် ပေါင်းသင်းဆက်ဆံရေးများကို ကုစားပေးလျက် ထာဝရမေတ္တာရှင်သန်စေမည့် အစပြုရာ ဖြစ်သည်။ ထိုအခါ ‘‘သားတို့နှင့်အဘတို့ကိုလည်းကောင်း၊ အဘတို့နှင့်သားတို့ကို လည်းကောင်း အသင့်အတင့်ဖြစ်စေမည်’’ (မာလခိ ၄း၈)။ DAVID H.ROPER