ဂါနာနိုင်ငံမြောက်ပိုင်း စာကိုဂူဒေသရှိ အဖိုး၏အိမ်၌ ဖြတ်သန်းခဲ့ရသည့် ခရစ်စမတ်မှာ အထီးကျန်ဆုံးခရစ်စမတ်ဖြစ်သည်။ ထိုစဉ်က ကျွန်တော်သည် အသက် ၁၅ နှစ် အရွယ်သာရှိပြီး မိဘမောင်နှမများက အဝေးတစ်နေရာ၌ ရှိနေခဲ့သည်။ ယခင်ရွာမှ သူငယ်ချင်းများနှင့် ခရစ်စမတ်ပွဲနွဲခဲ့စဉ်က အစီအစဉ်များမှာ အံ့မခမ်းဖြစ်ပြီး အမှတ်ရစရာ များသည်။ ယခုခရစ်စမတ်မှာမူ တိတ်ဆိတ်လျက် အထီးကျန်နေသည်။ ခရစ်စမတ်နံနက်ခင်းစောစောအချိန်၌ ကြမ်းပြင်ပေါ်တွင် လှဲလျောင်းရင်း ‘‘နှစ်ကုန်တော့မည်၊ ခရစ်စမတ်ချိန်ခါ ရောက်ခဲ့ပြီ၊ ဘုရားသားတော်ဖွားမြင်ပြီ၊ လူတိုင်း ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းရှိစေ’’ ဟူသည့် သီချင်းလေးကို သတိရပြီး ဆွေးဆွေးမြေ့မြေ့ဖြင့် ထပ်တလဲလဲ သီဆိုမိတော့သည်။

ထိုစဉ် အဖွားဝင်လာပြီး ‘‘ဘာသီချင်းဆိုနေတာလဲ’’ ဟုမေးသည်။ ကျွန်တော်၏ အဖိုးအဖွားများက ခရစ်စမတ်ကို မသိ၊ ခရစ်တော်အကြောင်းလည်း မသိပါ။ သို့နှင့် ကျွန်တော် သိသမျှ ခရစ်စမတ်အကြောင်းကို သူတို့အား ပြောပြခဲ့သည်။ ထိုအချိန် အခိုက်အတန့်လေးက အထီးကျန်မှုကို မှေးမှိန်သွားစေခဲ့သည်။

ကွင်းပြင်ထဲ၌ သိုးများ၊ မကြာခဏရောက်လာသည့် သားရဲများနှင့်သာ ကျင်လည်ခဲ့ရသည့် သိုးထိန်းဒါဝိဒ်လေးသည်လည်း အထီးကျန်မှုကို ခံစားခဲ့ရပါသည်။ ထိုတစ်ချိန်တည်းတွင်သာ မဟုတ်ပါ။ သူ့ဘဝနောက်ပိုင်းတွင် ‘‘အကျွန်ုပ်သည် တစ်ယောက်တည်း ကျန်ကြွင်း၍ နှိမ့်ချခြင်းကို ခံရသည်’’ (ဆာ ၂၅း၁၆) ဟု ရေးသား ခဲ့သည်။ သို့သော် အထီးကျန်မှုက သူစိတ်ပျက်အားလျော့အောင် မလုပ်နိုင်ခဲ့ပါ။ ‘‘ကိုယ်တော်ကို မျှော်လင့်လျက်နေပါသည်’’ (း၂၁) ဟု သူသီကျူးဆိုခဲ့သည်။

တစ်ချိန်မဟုတ် တစ်ချိန်ချိန်တွင် အထီးကျန်မှုကို ကျွန်တော်တို့ ခံစားကြရပါ သည်။ ယခုနှစ်ခရစ်စမတ်အချိန်တွင် သင်မည်သည့်နေရာတွင်ပင်ရှိရှိ၊ အထီးကျန်သည် ဖြစ်စေ၊ အဖော်အသင်းများနှင့်ရှိသည်ဖြစ်စေ၊ ခရစ်တော်နှင့် ဤရာသီကို ဆင်နွဲဖြတ်သန်းသွားနိုင်ပါသည်။ LAWRENCE DARMANI