အသက်တာ၏လားရာများကို မည်သည့်အရာများက သတ်မှတ်ပေးသနည်း။ ထိုမေးခွန်း အတွက် ထူးဆန်းသောအဖြေကို မော်တော်ဆိုင်ကယ်မောင်း လေ့ကျင့်ရေးကျောင်းတွင် ကြားခဲ့ဖူးသည်။ ကျွန်တော်နှင့်သူငယ်ချင်းအချို့တို့ တစ်ခါက မော်တော်ဆိုင်ကယ် အစီးသင်ခဲ့ဖူးသည်။ သင်တန်းတွင် ပန်းတိုင်ကို ဦးတည်အာရုံစိုက်ခြင်းနှင့် ပတ်သက် သော သင်ခန်းစာတစ်ခု ပါဝင်သည်။

နည်းပြက “နောက်ပိုင်းမှာ ခင်ဗျားတို့က မမျှော်လင့်တဲ့အတားအဆီးတွေနဲ့ ရင်ဆိုင်ရမယ်။ အဲဒီအတားအဆီးကို ကြည့်ပြီး အဲဒီအပေါ်အာရုံစိုက်ရင် အဲဒါကို တည့်တည့်ဝင်တိုး လိမ့်မယ်။ ဒါပေမဲ့ အဲဒီအတားအဆီးကို ကျော်ပြီး ကိုယ် သွားမယ့်လမ်းကိုကြည့်ရင် အဲဒီအတားအဆီးကို အသာလေး ကျော်သွားနိုင်လိမ့်မယ်”ဟု ပြောသည်။ ထို့နောက် သူက “ခင်ဗျား ကြည့်တဲ့လမ်းက ခင်ဗျားသွားမဲ့ လမ်းပဲ”ဟု ဖြည့်စွက်ပြောကြားလိုက်သည်။

ရိုးရှင်းပြီး လေးနက်သော ထိုဥပဒေသလေးသည် ကျွန်တော်တို့၏၀ိညာဉ်ရေးရာ အသက်တာအတွက်လည်း အထောက်အကူပြု အသုံးဝင်ပါသည်။ ပြသနာများ၊ ရုန်းကန် ရမှုများအပေါ်တွင် ကျွန်ုပ်တို့အာရုံရောက်နေသောအခါ ကျွန်ုပ်တို့၏အသက်တာသည် အလိုလို ထိုအရာများ၌သာ လည်နေတော့သည်။

နှုတ်ကပတ်တော်တွင် ပြသနာများကိုကျော်လွန်ပြီး ရှုမြင်ကာ ကျွန်ုပ်တို့နှင့်အတူ ထိုပြသနာများကိုကူညီဖြေရှင်းပေးမည့်သူကို ကြည့်ရန် တိုက်တွန်းထားသည်။ ဆာလံ ၁၂၁း၁ တွင် ‘‘ငါ့ကိုမစခြင်းသည် ပေါ်ထွက်ရသော တောင်ရိုးသို့ ငါမျှော်ကြည့်၏’’ ဟူ၍ ဖတ်ရှုရပြီး ဆာလံဆရာက ‘‘ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသော ထာဝရဘုရားထံတော်မှ င့ါကိုမစခြင်းအကြောင်းသည် ပေါ်ထွက်ရ၏။ … ထာဝရဘုရား သည် သင်၏ထွက်ခြင်းနှင့်ဝင်ခြင်းတို့ကို ယခုမှစ၍ အစဉ်မပြတ် စောင့်တော်မူလိမ့်မည် ဟု ဖြေကြားရေးသားထားပါသည် (း၂၊ ၈)။

တစ်ခါတစ်ရံ အခက်အခဲပြဿနာများသည် မကျော်လွှားနိုင်လောက်ဟု ထင်ရသည်။ သို့သော် ထိုအတွေးများ၏ လွှမ်းမိုးခြင်း ခံရမည့်အစား ပြသနာများကို ကျော်လွန်ကြည့်နိုင်အောင် သူ့ကိုသာမျှော်ကြည့်ရန် ဘုရားရှင်သည် ကျွန်ုပ်တို့ကို ဖိတ်ခေါ်ပေသည်။ ADAM HOLZ