ဆောင်းရာသီ၏နေ့တစ်နေ့တွင် ကလေးများက နှင်းလျောစီးလို၍ ခွင့်လာတောင်းသည်။ အပူချိန်က သုညဒီဂရီ ဖာရင်ဟိုက်နား ကျဆင်းနေပြီး နှင်းအမှုန်အလွှာလေးများက ပြတင်းပေါက်တွင် ကျရောက်တွယ်ကပ်နေသည်။ ကျွန်မ ခေတ္တမျှ စဉ်းစားပြီးမှ သွားခွင့်ပြု လိုက်သည်။ သို့သော် အနွေးထည်သေချာဝတ်ဆင်ရန်၊ အတူတကွရှိနေရန်နှင့် ၁၅ မိနစ် ပြည့်လျှင် အိမ်ထဲပြန်ဝင်ရန် မှာလိုက်သည်။

မေတ္တာနှင့် ထိုစည်းကမ်းများကို ချမှတ်ပေးခြင်းဖြင့် သူတို့အား အအေးမိ အသားပတ်သည့်ဝေဒနာ မခံစားရဘဲ ပျော်ရွှင်လွတ်လပ်စွာ ဆော့ကစားနိုင်လိမ့်မည်။ ဆာလံ ၁၁၉ ကို ရေးသားခဲ့သည့် ဆာလံဆရာသည်လည်း ဆန့်ကျင်နေပုံ ပေါ်သည့် ကျမ်း ၂ ပိုဒ်ကို ရေးသားခဲ့စဉ်က ဘုရားသခင်၏ ရည်ရွယ်ချက်ကောင်းကို သူ အသိအမှတ်ပြုခဲ့ခြင်း ဖြစ်မည်ဟု ကျွန်မတွေးမိသည်။ ‘‘ကိုယ်တော်၏တရားကို မခြားမလပ် အစဉ်အမြဲ ကျင့်စောင့်ပါမည်’’ (း၄၄)။ ‘‘ပေးတော်မူသော သြဝါဒစာများကို အကျွန်ုပ် ရှာဖွေ
မေးမြန်းသည်ဖြစ်၍ အဆီးအတားမရှိဘဲ သွားလာရ ပါ၏”(း၄၅)။ အဆီးအတားမရှိသော လွတ်လပ်မှုကို ဆာလံဆရာက မည်သည့် သဘောနှင့်တွဲဖက်ခဲ့ပါသနည်း။

အမြော်အမြင်နှင့် ပြည့်စုံသည့် ဘုရားသခင်၏သွန်သင်ညွှန်ကြားမှုများကို နာခံလိုက်လျှောက်ခြင်းသည် နောက်မှနောင်တရပြီး ခံစားရသည့် အကျိုးဆက်ရလဒ် များမှ ကင်းလွတ်စေသည်။ အပြစ်ရှိသည့် ခံစားချက်၊ နာကျင်မှုများကင်းလျက် ဘဝကို ပို၍ လွတ်လပ်ပျော်ရွှင်စွာ ခံစားပျော်မွေ့စေသည်။ ‘‘ဒါလုပ်၊ ဒါမလုပ်နဲ့’’ ဟူ၍ ဘုရားသခင် က ကျွန်မတို့ကို မချုပ်ကိုင်လိုပါ။ ကိုယ်တော်၏ လမ်းပြညွှန်မှုများသည် ကျွန်ုပ်တို့အပေါ် ထားသည့် သူ၏မေတ္တာကို ပြနေသည်။

သားသမီးများက တောင်ကုန်းပေါ်မှ လေကို ခွင်းလျက် နှင်းလျောစီးသည်ကို ကျွန်မ ကြည့်ရင်း၊ သူတို့၏ရယ်မောသံ၊ ပါးပြင်များ ပန်းသွေးရောင်ကြွလာသည်ကို ကြည့်ရင်း ကျွန်မပြုံးမိသည်။ ကျွန်မချမှတ်ပေးသော စည်းကမ်းဘောင်အတွင်း၌ သူတို့ လေးများ လွတ်လပ်ပျော်ရွှင်နေကြသည်။ ဤသို့ ဆန့်ကျင်ဘက်သဘော ဆောင်နေခြင်းမျိုးကို ဘုရားသခင်နှင့် ကျွန်မတို့၏ ဆက်ဆံရေး၌လည်း တွေ့ရမည် ဖြစ်သည်။ ကျွန်မတို့လည်း ဆာလံဆရာနှင့်အတူ ‘‘ပညတ်တော်လမ်း၌ အကျွန်ုပ်ကို ပို့ဆောင်တော်မူပါ။ ထိုလမ်းကို နှစ်သက်ပါ၏’’ (း၃၅) ဟု ဝန်ခံရပေမည်။ JENNIFER BENSON SCHULDT