ကျွန်မ ပထမဆုံးတပ်ဆင်သည့် မျက်မှန်လေးက ကျွန်မ၏အမြင်အာရုံကို တောက်ပ လင်းလက်သွားစေသည်။ ကျွန်မက အနီးမှုန်သဖြင့် မျက်မှန်ဖြင့် ကြည့်လိုက်စဉ် အရာရာ ကြည်လင်ပြတ်သားစွာ မြင်ရသည်။ မျက်မှန်မပါပါက အခန်းတွင်းရှိ ပစ္စည်း (သို့) အဝေးတစ်နေရာရာကို ကြည့်လျှင် အမြင်က မှုန်ဝါးနေသည်။ အသက် ၁၂ နှစ် အရွယ်က ပထမဆုံးတပ်ဆင်သည့် မျက်မှန်လေးဖြင့် ကျောက်သင်ပုန်းပေါ်မှ စာလုံး ရှင်းလင်းစွာ မြင်လိုက်ရသဖြင့် ကျွန်မအမှန်ပင် အံ့သြတုန်လှုပ်သွားသည်။

ကျွန်မနှုတ်ဆက်စဉ် သူငယ်ချင်းများက ပြန်ပြုံး ပြသည်ကို မြင်ရ၍ သူများကိုမြင်ရခြင်းနှင့် အခြားသူများ မိမိကိုမြင်ခြင်းသည် ထူးမြတ်သောဆုဖြစ်ကြောင်း ကျွန်မ နားလည်ခဲ့သည်။

သခင်မစာရဲ၏မကြင်နာမှုကြောင့် ထွက်ပြေးခဲ့ရ သည့် ကျွန်မဟာဂရသည် အထက်ပါအချက်ကို သိနားလည် ခဲ့သည်။ သူ၏ယဉ်ကျေးမှုအသိုင်းအဝန်း၌ သူသည် ‘‘အလကားလူ’’၊ ကိုယ်လေးလက်ဝန်နှင့် အထီးကျန်နေသူ၊ ကူညီရာမဲ့ မျှော်လင့်ရာမဲ့စွာ ကန္တာရတောထဲ ထွက်ပြေးနေရသူဖြစ်သည်။ သို့သော် သူ့ကို ဘုရားသခင် မြင်သည်။ ထို့ပြင် ဘုရားသခင်ကိုလည်း သူမြင်ခွင့်ရခဲ့သည်။ အမြင်မှုန်ဝါး မနေတော့ဘဲ ဘုရားသခင်ကို သူတကယ်မြင်ခဲ့ရသည်။ ထိုမျှမက ဘုရားသခင်ကို အာတောဧလရော ဟူသည့် အမည်ဖြင့် သူခေါ်ဆိုခဲ့သည်။ အဓိပ္ပာယ်မှာ ‘‘ငါ့ကို မြင်တော်မူသောဘုရား’’ ဟူ၍ ဖြစ်သည်။ ‘‘ငါ့ကိုမြင်တော်မူသောသူကို ဤအရပ်၌ပင် ငါဖူးမြင်ရသည်တကားဟု ဟာဂရ ဆိုလေ၏’’ (က ၁၆း၁၃)။

မြင်တော်မူသော ဘုရားသခင်သည် ကျွန်ုပ်တို့ အယောက်စီတိုင်းကို မြင်ပါ သည်။ ‘‘ငါ့ကို ဘယ်သူမှမမြင်၊ အထီးကျန်ပါဘိ၊ ငါဟာ အလကားလူ’’ ဟု ခံစားနေရပါသလား။ သင်နှင့်သင့်ရှေ့ရေးကို ဘုရားသခင်မြင်ပါသည်။ အပြန်အလှန်အားဖြင့် ယနေ့နှင့် အနာဂတ်အတွက် ကိုယ်တော်၌ ထာဝရမျှော်လင့်ခြင်း၊ ကိုယ်တော်၏မစအားပေးမှု၊ ကယ်တင်ခြင်းနှင့် ဝမ်းမြောက်ခြင်းအစရှိသည်တို့ကို ကျွန်ုပ်တို့မြင်နိုင်ပါစေ။ မှန်၍ အသက်ရှင်တော်မူသော ဘုရားသခင်ကို မြင်ရရေး နက်နဲအံ့ဖွယ်သော အမြင်အာရုံကို ရရှိသည့်အတွက် ကိုယ်တော်ကို ချီးမွမ်းလိုက်ပါ။ PATRICIA RAYBON