ကျွန်တော်ငယ်ငယ်က ဂါနာနိုင်ငံ၌ ကြီးပြင်းလာစဉ် လူအုပ်ကြားတွင် အဖေ့လက်ကို ကိုင်ပြီး လျှောက်လည်ရသည်ကို ကြည်နူးမိသည်။ သူသည် ကျွန်တော့်အဖေလည်းဖြစ် သူငယ်ချင်းလည်းဖြစ်သည်။ ကျွန်တော်တို့၏ ယဉ်ကျေးမှုအရ တစ်ဦးနှင့်တစ်ဦး လက်ဆုပ်ကိုင်ခြင်းသည် မိတ်ဆွေအစစ်အမှန်ဖြစ်ကြောင်း အမှတ်သညာဖြစ်သည်။ အတူတစ်ကွ လမ်းလျှောက်စဉ် အကြောင်းချင်းရာမျိုးစုံကို ပြောကြဆိုကြသည်။ ကျွန်တော်တစ်ယောက်ထဲ အထီးကျန် ဖြစ်တိုင်း နှစ်သိမ့်မှုကို အဖေထံမှ ရရှိသည်။ ကျွန်ုပ်တို့၏ အဖော်ဖွဲ့ခြင်းကို ကျွန်တော် အလွန်တန်ဖိုးထားသည်။

သခင်ယေရှုက သူ၏နောက်တော်လိုက်များအား “မိတ်ဆွေများ” ဟု ခေါ်ပြီး မိတ်ဆွေဖြစ်ခြင်း အမှတ်သညာ များကို ဖော်ပြသည်။ “ခမည်းတော်သည် ငါ့ကို ချစ်တော်မူ သကဲ့သို့ ငါသည် သင်တို့ကိုချစ်၏” ဟု ကိုယ်တော်မိန့်မြွက်သည် (ယော ၁၅း၉)။ မိတ်ဆွေတို့အတွက် သူ၏အသက်ကို စွန့်သည် (း၁၃)။ ကိုယ်တော်က သူ့အဆွေတို့အား ကောင်းကင်နိုင်ငံအတွက် လုပ်ဆောင်သည့်အရာများကိုပြသည် (း၁၅)။ ဘုရားသခင် ပေးတော်မူသော အရာအားလုံးကို သွန်သင်ပြသသည် (း၁၅)။ သူ၏သာသနာလုပ်ငန်း အတွက် လုပ်ဆောင်ချက်များကို သူ၏အဆွေတို့အား မျှဝေခံစားခွင့်ပြုသည် (း၁၆)။

ကိုယ်တော်သည် ကျွန်ုပ်တို့၏ ဘဝအသက်တာတစ်လျှောက် အဖော်မွန်အဖြစ် အတူ လျှောက်လှမ်းခဲ့သည်။ ကျွန်ုပ်တို့ ခေါင်းစားရသည့်အရာများ၊ လိုအပ်ချက်များကို နားထောင်ပေးသည်။ ကျွန်ုပ်တို့ အထီးကျန်ပြီး စိတ်ဓာတ်ကျဆင်းနေသောအချိန် များတွင်လည်း ကျွန်ုပ်တို့၏အဖော်အဖြစ် ရပ်တည်ပေးသည်။

ထို့အပြင် ကျွန်ုပ်တို့သည် ကိုယ်တော်နှင့် တစ်ဦးအပေါ်တစ်ဦး ချစ်ခင်ပြီး ကိုယ်တော်၏သွန်သင်မှုများကို နာခံလျှင် မိတ်သဟာရဖွဲ့မှုသည် ပိုမို၍ခိုင်မာသည် (း၁၀၊ ၁၇)။ သူ၏သွန်သင်ချက်များကိုနာခံပါက “တည်ကြည်သောအသီး” (း၁၆) ကို သီးမည်ဖြစ်သည်။

ပြဿနာပေါင်းစုံနှင့် ပြည့်နှက်လျက်ရှိသည့် ဤကမ္ဘာကြီးထဲ၌ လျှောက်လှမ်းစဉ် သခင်နှင့်မိတ်ဆွေဖြစ်ခြင်းကို သတိရတောင့်တနေကြမည်ဖြစ်သည်။ ထိုအရာသည် မိတ်ဆွေဖြစ်ခြင်း၏ သင်္ကေတပင်ဖြစ်သည်။ LAWRENCE DARMANI