ယေရုရှလင်မြို့ ဆင်ခြေဖုံးတွင် ညိုမှိုင်းမှောင်မိုက်လျက်ရှိသည်။ မြို့တံတိုင်း၏ အပြင်ဘက်ရှိ တောင်ကုန်းပေါ်တွင် လွန်ခဲ့သည့်သုံးနှစ်တာ ကာလပတ်လုံး မြို့သူမြို့ သားများအား ဆွဲဆောင်မှုအပြည့်ရှိသော ပုဂ္ဂိုလ်တစ်ဦးသည် မရှုမလှနာကျင်စွာဖြင့် သစ်တိုင် ပေါ်တွင် ချိတ်ဆွဲထားခြင်းခံနေရသည်။ ပူဆွေးဝမ်းနည်းလျက် ငိုကြွေးမြည်တမ်း နေကြ သည်။ ညနေခင်းဆည်းဆာသည် အရောင်ဖျော့တော့ပြီး မှေးမှိန်လျက်ရှိသည်။ ပြင်းထန်သောနာကျင်မှုကိုခံစားနေရသည့် ထိုပုဂ္ဂိုလ်သည် ကားတိုင်ပေါ်မှ ကြီးစွာသောအသံဖြင့် “အမှုပြီးပြီ” (မ ၂၇း၅၀၊ ယော ၁၉း၃၀) ဟုကြွေးကြော်ပြီးလျှင် အသက်တော်ကို လွှတ်တော်မူ၏။

ထိုခဏတွင် အခြားသောအသံတစ်သံသည် ဗိမာန်တော်မှ မြို့ကို ဖြတ်ကျော်လျက် ထွက်ပေါ်လာသည်။ ချည်ထည်အဝတ်တစ်ထည်၏ ဆုတ်ဖြဲသံ ဖြစ်သည်။ မည်သူကမျှ ဆုတ်ဖြဲခြင်းမပြုဘဲ ဗိမာန်တော်တွင်းရှိ သန့်ရှင်းရာနေရာနှင့် ဗိမာန်အပြင်ပိုင်းကို ခွဲခြားထားသော အလွန်ကြီးမား၍ ထူထဲသော ကုလားကာသည် အထက်မှ အောက်သို့ သူ့အလိုလို နှစ်ခြမ်းဆုတ်ပြဲသွားသည် (မ ၂၇း၅၁)။

ထိုစုတ်ပြဲသွားသော ကုလားကာသည် လက်ဝါး ကားတိုင်၏ အမှန်တရားကို ပုံဆောင်ခြင်းဖြစ်သည်။ ဘုရားသခင်ထံသို့ ချဉ်းကပ် နိုင်သော လမ်းကြောင်းအသစ် ပေါ်ထွန်းလျက် ကားတိုင်တော်ပေါ်မှ သခင်ယေရှု၏ အသွေးတော်အားဖြင့် ကျွန်ုပ်တို့ကို ဆေးကြောသန့်စင်ပေးပြီး (ဟေဗြဲ ၁၀း၁၀)၊ အပြစ်ငရဲမှ ကယ်ချွတ်ကာ ယုံကြည်သူအပေါင်းတို့အား ခွင့်လွှတ်ခြင်းဆုကျေးဇူးကို ခံစေပြီး အဘဘုရားသခင်နှင့် ပြန်လည်မိတ်သဟာယဖွဲ့ခွင့်ကို ရကြသည် (ရော ၅း၆-၁၁)။

ကောင်းမြတ်သော သောကြာကြီးနေ့ အခါသမယတွင် သခင်ယေရှုသည် ကျွန်ုပ်တို့အား အပြစ်မှကယ်နှုတ်ပြီး အဘဘုရားနှင့်ထာဝရပြန်လည် မိတ်သဟာယ ဖွဲ့ရသောအခွင့်ကိုပေးသည့် သတင်းကောင်းကို ကျွန်ုပ်တို့ လက်ခံရရှိသည် (ဟေဗြဲ ၁၀း၁၉-၂၂)။ ဆုတ်ပြဲသောကုလားကာသတင်းကောင်းအတွက် အဘဘုရားကို ကျေးဇူးတင်ပါ၏။ DAVE BRANON