ခြောက်လအတွင်း ဂျဲရယ်၏ဘဝသည် ပြိုလဲသွားခဲ့ရသည်။ စီးပွားရေး အကြပ်အတည်း များကြောင့် သူ၏လုပ်ငန်းနှင့်ဓနဥစ္စာများ ပျက်စီးသွားသည့် တစ်ချိန်တည်းတွင် ကြေကွဲဖွယ် မတော်တဆမှုကြောင့် သူ၏သား အသက်ဆုံးရှုံးသွားသည်။ ထိတ်လန့် တုန်လှုပ်စရာများကြောင့် သူ၏မိခင်သည် နှလုံးဖောက်၍ ဆုံးသွားသည်။ ဇနီးသည်က အကြီးအကျယ် စိတ်ဓာတ်ကျကာ၊ သမီးငယ်နှစ်ယောက် သည် ဖြေမဆည်နိုင်အောင် ဖြစ်ခဲ့ကြသည်။ သူလုပ်နိုင် သမျှမှာ “အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း (ဆာ ၂၂း၁)” ဟူသည့် ဆာလံဆရာ၏ စကားလုံးများကို ရေရွတ်ခြင်းပေတည်း။

ဂျဲရယ်အား ဆက်လက်ရှင်သန်စေသော တစ်ခုတည်း သောအရာမှာ ယေရှုကို ရှင်ပြန်ထမြောက်စေသည့် ဘုရားသခင်သည် သူနှင့်သူ၏မိသားစုတို့အား သူတို့၏နာကျင်မှုများမှ ထာဝရအသက်၏ ဝမ်းမြောက်ခြင်းဆီသို့ တစ်နေ့တွင် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း မျှော်လင့်ခြင်းဖြစ်သည်။ ၎င်းသည် မစမှုအတွက် သူ၏ကယ်ရာမဲ့ဟစ်ခေါ်သံကို ဘုရားသခင် အဖြေပေးလိမ့်မည် ဆိုသည့်မျှော်လင့်ခြင်းဖြစ်သည်။ စိတ်ပျက်ဝမ်းနည်းခြင်း ထဲ၌ ဆာလံဆရာဒါဝိဒ်ကဲ့သို့ သူသည် ဝေဒနာခံစားရသည့်ကြားမှ ဘုရားသခင်ကို ကိုးစားရန် ဆုံးဖြတ်ခြင်းဖြစ်သည်။ ဘုရားသခင်သည် သူ့ကို ရွေးနှုတ်ကယ်တင်ပေး လိမ့်မည်ဖြစ်ကြောင်း မျှော်လင့်ခြင်းကို သူစွဲကိုင်ခဲ့သည် (း၎-၅)။

ထိုမျှော်လင့်ခြင်းက ဂျဲရယ်ကို ဆက်လက်ရှင်သန်စေခဲ့သည်။ ထိုနှစ်များအတွင်း သူ့ကို သတင်းမေးတိုင်း၊ “ဟုတ်ကဲ့၊ ကျွန်တော် ဘုရားသခင်ကို ယုံကြည်ကိုးစားလျက်ပါ” ဟုသာ သူပြောနိုင်ခဲ့သည်။

ဘုရားသခင်သည် ဂျဲရယ်ကို နှစ်သိမ့်ခြင်း၊ ခွန်အားနှင့် သတ္တိများကိုပေးလျက် ထိုနှစ်ကာလကို ဆက်လက်လျှောက်လှမ်းစေလျက် ထိုကိုးစားမှုကို ဂုဏ်ပြုခဲ့သည်။ သူ၏မိသားစုသည် ခက်ခဲကြပ်တည်းမှုများမှ တဖြည်းဖြည်း ပြန်ကောင်းလာခဲ့ပြီး၊ မကြာမီ ဂျဲရယ်သည် သူ၏ပထမဆုံးမြေးဦးလေး၏မွေးဖွားခြင်းကို ကြိုဆိုခဲ့သည်။ သူ၏အော်ဟစ်ခြင်းသည် ယခုတွင် ဘုရားသခင်၏သစ္စာရှိခြင်း သက်သေခံချက်တစ်ခု ဖြစ်သည်။ “အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်သနည်းလို့ ကျွန်တော် မမေးတော့ပါ။ ဘုရားသခင်က ကျွန်တော့်ကို ကောင်းချီးပေးခဲ့ပါတယ်” ဟုသူဆိုသည်။

ဘာမျှ မကျန်တော့ဟုထင်ရချိန်တွင် မျှော်လင့်ခြင်းက ဆက်လက် ရှိနေဆဲပါ။ LESLIE KOH