အသက် ၆၀ အရွယ် အိမ်ခြေယာမဲ့စစ်ပြန်ကြီး စတိဗ် သည် နွေးထွေးသောရာသီဥတုတွင် အပြင်မှာ တစ်နှစ်ပတ်လုံးအိပ်စက်ခဲ့သည်။ တစ်ညနေတွင် ပိုက်ဆံရရန် ရည်ရွယ်ချက်ဖြင့် သူလက်ဖြင့်ဆွဲထားသော ပန်းချီကားကို ပြသနေစဉ် အမျိုးသမီးငယ်တစ်ဦးက ရောက်လာပြီး သူ့အား ပီဇာအနည်းငယ် ကျွေးခဲ့သည်။ စတိဗ်သည် ကျေးဇူးတင်စိတ် အပြည့်ဖြင့် လက်ခံခဲ့သည်။ ခဏအကြာတွင် စတိဗ်သည် သူစားနေသောပီဇာကို အိမ်ခြေယာမဲ့သူ နောက်တစ်ဦးကို ဝေမျှခဲ့သည်။ ချက်ခြင်းပင် ထိုအမျိုးသမီးငယ်လေးသည် မိမိရရှိသောအရာကို ထပ်မံရက်ရောသည့် ထိုလူကြီးကို အသိအမှတ်ပြုသည့်အနေဖြင့် နောက်ထပ်မုန့်တစ်ပန်းကန် ဖြင့် ပြန်ရောက်လာခဲ့သည်။

စတိဗ်၏ဇာတ်လမ်းလေးက သုတ္တံ ၁၁း၂၅ တွင် ဖော်ပြထားသော သူတစ်ပါးကို ရေလောင်းသောသူသည် ကိုယ်တိုင်ရေလောင်းခြင်းအကျိုးကို ခံရမည်အကြောင်း ဖော်ပြသည့် နည်းဥပဒေသကို သရုပ်ဖော်ပြနေပါသည်။ သို့သော် တစ်စုံတစ်ခုကို ပြန်လိုချင်သောစိတ်ဖြင့် မပေးကမ်းသင့်ပေ။ ထိုလူကြီးကဲ့သို့ မိမိ၏ဝေမျှပေးကမ်းခြင်း၏အသီးကို ချက်ခြင်းလက်ငင်း အကျိုးပြန်ခံစားရခြင်းက ရှားပါသည်။ သို့သော် ဘုရားရှင်သွန်သင်ခဲ့သည်အတိုင်း ချစ်ခြင်းကို တုံ့ပြန်သည့် အနေဖြင့် သူတစ်ပါးကို ပေးကမ်းဝေမျှရန်ဖြစ်သည်(ဖိ ၂း၃-၄၊ ၁ ယော ၃း၁၇)။ ကျွန်ုပ်တို့ ထိုကဲ့သို့ လုပ်ဆောင်သောအခါ ဘုရားရှင်ကျေနပ်အားရတော်မူသည်။ ကျွန်ုပ်တို့ ပိုက်ဆံအိတ်ကို ငွေပြန်ဖြည့်ပေးရန်နှင့် ဗိုက်ပြည့်စေရန် ကိုယ်တော်၌ တာဝန်မရှိ သော်လည်း တစ်ခါတစ်ရံ ဝတ္ထုပစ္စည်းများအားဖြင့်၊ တစ်ခါတစ်ရံ ဝိညာဉ်ရေးရာအားဖြင့် ကျွန်ုပ်တို့ကို လန်းဆန်းစေမည့် နည်းလမ်းများ ရှာကြံကျေးဇူးပြုတတ်ပါသည်။

စတိဗ်သည် သူစားနေသော ဒုတိယပီဇာပန်းကန်ကိုလည်း အပြုံးနှင့် လက်ကို ဖွင့်လျက် ဝေငှခဲ့ပါသည်။ သူ၌ မည်သည့်အရာမျှ မရှိသော်ငြား ရက်ရောစွာဖြင့် အသက်ရှင်ခြင်း၏အဓိပ္ပ္ပာယ်၊ မိမိတစ်ကိုယ်အဖို့ စုဆောင်းသိုဝှက်မည့်အစား မိမိတွင် ရှိသော အရာများကို သူတစ်ပါးနှင့် ဝမ်းမြောက်စွာ ဝေငှတတ်ရန် သူ နမူနာသာဓကပြခဲ့ သည်။ ဘုရားရှင် ကျွန်ုပ်တို့အား ဦးဆောင်နေ ခွန်အားပေးနေသည့်အတိုင်း ကျွန်ုပ်တို့ သည်လည်း ထိုကဲ့သို့ ဖြစ်နိုင်ကြပါစေသား။ KIRSTEN HOLMBERG