Newboys တီးဝိုင်းအဖွဲ့၏ ယခင်ခေါင်းဆောင်အဆိုရှင်ဖြစ်ခဲ့သူ Peter Furler က He Reigns – ‘‘ဘုရားရှင် အုပ်စိုးသည်’’ ဟူသည့် ချီးမွမ်းသီချင်းကို တင်ဆက်စဉ်က အကြောင်းကို ပြောပြပါသည်။ သီချင်းမှာ ယုံကြည်သူ လူအမျိုးအနွယ်အားလုံးတို့ တညီတညွတ်တည်း ဘုရားသခင်အား ၀တ်ပြုကိုးကွယ်ရန် စုရုံးရောက်ရှိလာသည့် အကြောင်းကို ပေါ်လွင်ထင်ရှားစွာ ရေးဖွဲ့သီကုံးထားသည်။ Newboys အဖွဲ့က ထိုသီချင်းကိုဆိုတိုင်း ယုံကြည်သူ အစုအဝေး၌ သန့်ရှင်းသောဝိညာဉ်တော် လှုပ်ရှားသည်ကို ခံစားမိကြောင်း Furler သတိထားမိသည်။

Furler ၏ He Reigns ချီးမွမ်းသီချင်းအတွေ့အကြုံ ဖော်ပြချက်မှာ ပင်တေကုတ္တေပွဲနေ့၌ ယေရုရှလင်မြို့သို့ စုရုံးရောက်ရှိလာကြသည့် လူအစုအဝေးကို ဆင်ခြင်မိစေ သည်။ တပည့်တော်များသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝသောအခါ (တ ၂း၎) မည်သူတစ်ဦးတစ်ယောက်မျှ မကြုံဖူးသည့်အရာများ စတင်ဖြစ်လာသည်။ ရလဒ်အနေနှင့် နိုင်ငံအသီးသီးမှ ရောက်ရှိလာသည့် ဂျူးလူမျိုးများမှာ ဇဝေဇ၀ါ ဖြစ်သွားသည်။ အကြောင်းမှာ ဘုရားသခင်၏အံ့သြဖွယ် အမှုတော် အကြောင်းကို သူတို့၏ဘာသာစကားဖြင့် ပြောဆိုခြင်းကို ကြားရ၍ ဖြစ်သည် (း၅-၆၊ ၁၁)။  ပေတရုသည် ထလျက် ၎င်းသည် “လူမျိုးတကာတို့အပေါ်သို့ ငါ၏၀ိညာဉ်တော်ကို ငါသွန်းလောင်းမည်”(း၁၇)ဟု ဘုရားသခင်မိန့်ကြားသည့် ပရောဖက်ပြုချက် ပြည့်စုံခြင်း ဖြစ်ကြောင်း ပရိသတ်အပေါင်းကို ရှင်းပြလေ၏။

ဤလူသားတိုင်းကို ဖွင့်ပြသည့် ဘုရားသခင်၏အံသြဖွယ် တန်ခိုးတော်ကြောင့် ရှင်ပေတရု ကြွေးကြော်သည့် ဧ၀ံဂေလိတရားကို လူထုကြီးလက်ခံနားထောင်လျက် ထိုနေ့တစ်နေ့တည်းတွင်ပင် လူသုံးထောင်ကို ပြောင်းလဲစေခဲ့သည် (း၄၁)။ ဤအံ့မခန်းသော စတင်ပြောင်းလဲမှု၏နောက်တွင် ယုံကြည်သူအသစ်များသည် ကမ္ဘာအနှံ့ရှိ သူတို့၏ နေရပ်အသီးသီးသို့ပြန်သွားပြီး သတင်းကောင်းကို ဆောင်ယူသွား ကြသည်။

လူသားအားလုံးအတွက် မျှော်လင့်ခြင်းနှင့်စပ်ဆိုင်သည့် ဘုရားသခင်၏သတင်း ကောင်းမှာ ယနေ့ထိတိုင် မြည်ဟီးနေပါသည်။ ဘုရားသခင်ကို ကျွန်ုပ်တို့ အတူတကွချီးမွမ်း သောအခါ ကိုယ်တော်၏၀ိညာဉ်တော်က လူမျိုးအသီးသီးကို ညီညွတ် စုဝေး ရောက်ရှိ စေလျက် ကျွန်ုပ်တို့အတွင်း လှုပ်ရှားသည်။ ဘုရားရှင် အုပ်စိုးသည်။ REMI OYEDELE