၁၈၇၇ ခုနှစ်၊ ၀တ်ပြုစည်းဝေးချိန်အတွင်း ခရစ်တော်ကို လက်ခံရန် ရော့ဒ်နီ စမစ် အရှေ့သို့ လှမ်းလာစဉ် “အို ဂျစ်ပစီကောင်လေးပဲ”ဟု တစ်စုံတစ်ဦးက မနှစ်မြို့စွာ ရေရွတ်လိုက်သည်။ ပညာမတတ်သည့် ဂျစ်ပစီမိဘနှစ်ပါး၏သား၊ ဤဆယ်ကျော်သက် လူငယ်လေးကို မည်သူတစ်ဦးကမျှ အထင်မကြီးပါ။ သို့သော် ရော့ဒ်နီက ထိုတီးတိုးသံများကို ဂရုမစိုက်ပါ။ သူ့ဘ၀အတွက် ဘုရားသခင်၌ အကြံအစည်ရှိကြောင်း စိတ်ချသေချာသည်။ သို့နှင့် သမ္မာကျမ်းစာနှင့် အင်္ဂလိပ်အဘိဓာန်စာအုပ်ကို ၀ယ်ယူပြီး ရေးတတ်ဖတ်တတ်အောင် သူ့ဘာသာသူ လေ့လာခဲ့၏။ “ရှင်ယေရှုထံကို ရောက်နိုင်တဲ့လမ်းက ကိမ်းဘရေ့ခ်ျ၊ ဟားဗတ်၊ ရေးလ်၊ တက္ကသိုလ်က ပညာတတ်မှ ဒါမှမဟုတ် ကဗျာဆရာတွေမှ မဟုတ်ဘူး။ လမ်းကတော့ ကရာနီကုန်းလမ်းဟောင်းပဲ ဖြစ်တယ်”ဟု သူတစ်ကြိမ်က ပြောခဲ့ဖူးသည်။ မျှော်လင့်စရာမရှိသည့်အဖြစ်မှ ရော့ဒ်နီသည် အင်္ဂလန်နိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုတွင် လူများစွာကို ယေရှုရှင်ထံ ပို့ဆောင်ပေးသည့် ဘုရားအသုံးပြုသည့် ဧ၀ံဂေလိဆရာတစ်ပါးဖြစ်လာခဲ့၏။

ဘာသာရေးဆရာများ စနစ်တကျသင်ကြားပေးသည့်ကျောင်း၌ မတက်ရောက် ဖူးသည့် ဂါလိလဲအိုင်မှ တံငါသည် ပေတရုသည်လည်း သာမန်လူတစ်ဦးဖြစ်ပြီး (တ ၄း၁၃) “ငါနောက်သို့လိုက်လော့” ဟူသော စကားရိုးရိုးလေးဖြင့် သူ့ကို သခင်ယေရှု ခေါ်ခဲ့သည် (မ ၄း၁၉)။ ပေတရုကြီးပြင်းလာပုံနှင့် ဘ၀လမ်းတစ်လျှောက် ကျရှုံးမှုများ မည်သို့ပင်ရှိပါလေစေ၊ သခင်ယေရှုနောက်တော်သို့ လိုက်သောသူများသည် “ရွေးချယ် တော်မူသောအမျိုး… မင်းစည်းစိမ်ရှိသော ယဇ်ပရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး၊ ပိုင်ထိုက်တော်မူသော အပေါင်းအသင်းဖြစ်”ကြောင်း နောက်ပိုင်းတွင် သူအခိုင်အမာ ပြောဆိုခဲ့သည် (၁ ပေ၂း၉)။

ပညာအရည်အချင်း၊ ကြီးပြင်းလာပုံ၊ ကျား/မ၊ မည်သည့်လူမျိုး ဖြစ်ပါလေစေ လူတိုင်းသည် ယေရှုခရစ်အားဖြင့် ဘုရားသခင်၏မိသားစုဝင်ဖြစ်လာနိုင်ပြီး ဘုရားရှင် အသုံးပြုနိုင်သူများဖြစ်ပါသည်။ ဘုရားသခင်”အထူးပိုင်ဆိုင်သောသူ” ဖြစ်ခွင့်သည် သခင်ယေရှုကို ယုံကြည်သူအားလုံးအတွက်ဖြစ်ပါသည်။ ESTERA PIROSCA ESCOBAR