“ငါးဖောင်ရိုး၊ ငပိန်တာ”၊ “တုတ်ချောင်းမ”ဟူ၍ ခေါ်ပြီး ကောင်လေးများက ကျွန်မကို အမြဲ နှောင့်ယှက်တတ်သည်။ ကျွန်မကလည်း “တုတ်နဲ့ကျောက်တုံးတွေက အရိုးကျိုးအောင် လုပ်နိုင်ပေမယ့် ပြောစကားတွေကတော့ ငါ့ကို မနာစေပါဘူး”ဟု သူတို့နှင့်အပြိုင် ရေရွတ်တုံ့ပြန်လိုက်သည်။ ထိုစဉ်က ကလေးတစ်ဦးဖြစ်ငြားလည်း ဤနာမည်ကြီးဆိုရိုးမှာ မမှန်ကြောင်း ကျွန်မသိသည်။ ရံဖန်ရံခါ၌ တုတ်နှင့်ကျောက်တုံး တို့ကြောင့်ရသည့်အနာထက် မညှာမတာ၊ မဆင်မခြင် ပြောစကားများက နက်ရှိုင်း၍အချိန်ကြာသည့်တိုင် မပျောက် နိုင်သည့်အနာအဖြစ် ဆိုးရွားစွာ ထိခိုက်နာကျင်စေ၏။

မဆင်မခြင်ထိုးနှက်မှုစကားကို ဟန္န ကောင်းကောင်း သိသည်။ သူ့ခင်ပွန်း ဧလကာနက သူ့ကို ချစ်ငြားလည်း သူ့မှာ သားသမီးမရှိပါ။ ဧလကာန၏ ဒုတိယဇနီး ပေနိန္နမှာမူ သားသမီးများရှိသည်။ အမျိုးသမီးတစ်ဦး၏တန်ဖိုးသည် ကလေး ရှိခြင်းမရှိခြင်းအပေါ် မူတည်နေသည့်ယဉ်ကျေးမှု၌ ကလေးမရသည့်သူ့ကို ပေနိန္နက “ဆက်တိုက် ရန်စ”သည့်အတွက် ပိုနာကျင်ရသည်။ မျက်ရည်ကျပြီး အစာမစားနိုင်တော့သည့်အထိ ဟန္နကို ပေနိန္နက ထိုးနှက်သည် (၁ ရာ ၁း၆-၇)။

ထို့အပြင် “ဟန္န အဘယ်ကြောင့်ငိုသနည်း။… သားတစ်ကျိပ်ထက် သင်၌ ငါ သာ၍ ကောင်းသည်မဟုတ်လော” ဟူသည့် ဧလကာန၏ အကောင်းဘက်မှဖြစ်သော်လည်း မဆင်မခြင်ပြောစကားက ဟန္န္နကို နာကျင်စေပြန်သည် (း၈)။

ဟန္န္နကဲ့သို့ပင် ကျွန်ုပ်တို့အများစုလည်း နာကျင်စေသည့်စကားများကြောင့် ထိတ်လန့် ဒေါသထွက်ရသည်။ အချို့ကလည်း မိမိတို့၏နာကျင်ရမှုအတွက် နှုတ်လှန် ထိုးပြီး တစ်ပါးသူကို နာကျင်စေပြန်သည်။ သို့သော် ကျွန်ုပ်တို့အားလုံးသည် ခွန်အားနှင့် အနာငြိမ်းခြင်းအတွက် ချစ်ခြင်းမေတ္တာ၊ သနားကရုဏာအရှင် ဘုရားသခင်ထံသို့ ပြေးဝင်နိုင်ပါသည် (ဆာ ၂၇း၅၊ ၁၂-၁၄)။ ကိုယ်တော်သည် ချစ်ခင်စွာ ကြင်နာစကား ဆိုကာ ကျေးဇူးပြုခြင်းဖြင့် ကျွန်ုပ်တို့ကို ၀မ်းမြောက်စေမည်ဖြစ်သည်။ ALYSON KIEDA