ကောလိပ်တက်စဉ်က ကျောင်းနေဖက် သူငယ်ချင်းများနှင့် ပြန်လည်တွေ့ဆုံရန်အတွက် ကျွန်တော့်ဇနီး ကာရီနှင့်ကျွန်တော် လွန်ခဲ့သော ၃၅နှစ်က ချစ်ကျွမ်းဝင်ခဲ့သော ကယ်လီဖိုးနီးယားပြည်နယ်ရှိ စန်တာဘာဘရာ မြို့လေးသို့ ခရီးပြုခဲ့ကြသည်။ ကျွန်တော်တို့ လူငယ်ဘဝက လည်ပတ်ခဲ့သော နေရာတော်တော်များများဆီသို့ သွားရောက် လည်ပတ်ရန်လည်း ဆုံးဖြတ်ထားကြသည်။ သို့သော် ကျွန်တော်အလွန်နှစ်သက်ခဲ့သည့် မက်ဆီကန် စားသောက်ဆိုင်သို့ ရောက်သောအခါ ဆောက်လုပ်ရေး ပစ္စည်းများရောင်းသော စတိုးဆိုင်ဖြစ်နေသည်။ နံရံပေါ်တွင် ရပ်ကွက်အတွင်း နှစ်ပေါင်း ၄၀ ၀န်ဆောင်မှုပေးခဲ့သည့် စားသောက်ဆိုင်အမှတ်တရ သံပြားကမ္ဗည်းလေး ချိတ်ဆွဲ ထားသည်။

ခြောက်ကပ်ကပ်ဖြစ်သော်လည်း တစ်ချိန်က ရောင်စုံစားပွဲများ၊ တောက်ပသော ထီးများနှင့် သက်ဝင်နေသော ရင်းနှီးပြီးသား လျှောက်လမ်းနေရာလေးကို လှမ်းကြည့် မိသည်။ အရာများစွာ ပြောင်းလဲခဲ့ပါသည်။ သို့သော် ထိုပြောင်းလဲမှုများကြားတွင် ဘုရားရှင်၏ သစ္စာတော်ကား ပြောင်းလဲမသွားပေ။ ဒါဝိဒ်သည် နက်ရှိုင်းစွာဖြင့် ဆာလံ ၁၀၃း ၁၅-၁၇ တွင် “လူတို့၏နေ့ရက်ကာလသည် မြက်ပင်ကဲ့သို့ ဖြစ်၏။ လူသည် လယ်ပြင်၌ရှိသော ပန်းပွင့်ကဲ့သို့ ပွင့်တတ်၏။ လေသည် လွန်သွားလျှင် အပွင့်ပျောက်၍ သူ၏နေရာသည် နောက်တစ်ဖန် သူ့ကို မသိရာ။ ထာဝရဘုရား၏ကရုဏာတော်မူကား ကြောက်ရွံ့သောသူတို့အပေါ်သို့ ကာလအစဉ်အဆက် သက်ရောက်တတ်၏။” ဟု သိမှတ်ခဲ့သည်။ ဒါဝိဒ်က ထိုဆာလံသီချင်းကို ‘‘အိုငါ့ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းချီး ပေးလော့’’ (း၂၂)ဟူသော စကားလုံးများဖြင့် အဆုံးသတ်ထားသည်။

ရှေးအတွေးအခေါ်ပညာရှင် ဟာရာကလိုက်တပ်စ် က ‘‘မြစ်တစ်ခုမှာ ၂ ကြိမ် ခြေချ၍မရနိုင်ပါ’’ ဟူ၍ ပြောခဲ့ဖူးသည်။ ကျွန်ုပ်တို့၏ဝန်းကျင်၌ ဘဝလောကဓံများ အစဉ်ပြောင်းလဲနေသည်။ သို့သော် ဘုရားရှင်သည် မပြောင်းမလဲ တည်ရှိနေပြီး အစဉ်အမြဲ ကတိတည်နေမည်ကို အစဉ်ယုံကြည်စိတ်ချနိုင်ပါသည်။ သူ့သစ္စာတော်နှင့် မေတ္တာတော်ကို လူမျိုးအစဉ်အဆက် ယုံကြည်ကိုးစားနိုင်ပါသည်။ JAMES BANKS