ကျွန်တော်၏အထက်အရာရှိသည် ကောလိပ် ဘက်စကတ်ဘော အသင်းတစ်သင်း၏ အမာခံပရိသတ်တစ်ဦးဖြစ်သည်။ ယခုနှစ်တွင် ထိုအသင်းသည် အမျိုးသားချန်ပီယံဆု ရရှိခဲ့သဖြင့် လုပ်ဖော်ဆောင်ဖက်တစ်ဦးက ဝမ်းမြောက်ကြောင်း သူ့ထံသို့ စာရိုက်ပို့ခဲ့ သည်။ ပြဿနာမှာ ကျွန်တော့်သူဌေးက နောက်ဆုံးပွဲစဉ်ကို မကြည့်ရသေးသဖြင့် “ပွဲမကြည့်ရသေးဘဲ အဖြေသိနေခြင်းက စိတ်ပျက်စရာပဲ” ဟု ပြောပါသည်။ ထိုကစားပွဲကို ကြည့်ခဲ့လျှင်လည်း ပွဲပြီးခါနီး အချိန်ထိ အမှတ်တက်လာလည်း သူစိတ်လှုပ်ရှားမည် မဟုတ်။ မည်သူနိုင်မည်ကို သူသိပြီးသား ဟု သူဝန်ခံခဲ့သည်။

မနက်ဖြန် ဘာဖြစ်မည်ကို ကျွန်တော်တို့ဘယ်တော့မှ မသိနိုင်။ နေ့ရက်အချို့က ငြီးငွေ့ဖွယ်ကောင်းပြီး သာမန်နေ့များကဲ့သို့သာ ခံစားရမည်။ အခြားရက်များတွင်မူ ၀မ်းမြောက်ခြင်းများနှင့် ပြည့်နေမည်။ တစ်ဖန် ဘဝအသက်တာသည် နာကျင်မှုများ၊ ပင်ပန်း ကြပ်တည်းမှုများနှင့် လေးလံနိုင်ပါသည်။

ခန့်မှန်း၍မရသော ဘဝ၏လောကဓံ အတက်အကျများ ရှိစေကာမူ ဘုရားရှင်၏ငြိမ်သက်ခြင်း၌ ကျွန်တော်တို့လုံခြုံစွာရပ်တည်နိုင်ပါသည်။ ကျွန်တော်၏ အထက်အရာရှိ ကဲ့သို့ပင် အဆုံး၌ မည်သူနိုင်မည်ကို ကျွန်တော်တို့သိနှင့်နေခြင်းကြောင့် ဖြစ်သည်။

သမ္မာကျမ်းစာ၏ နောက်ဆုံးစာစောင်ဖြစ်သော ဗျာဒိတ်ကျမ်းတွင် လှပသော နောက်ဆုံးအခန်း၏ကန့်လန့်ကာကို ဖွင့်ပြထားသည်။ သေခြင်းတရားနှင့် ဆိုးညစ်မှု များကို အဆုံးသတ်အောင်နိုင်သွားပြီးနောက် (၂၀း၁၀၊၁၄)၊ ဘုရားသခင်သည် သူ၏ လူမျိုးတော်နှင့်အတူနေထိုင်လျက်(း၃)၊ သူတို့မျက်စိ၌ မျက်ရည်ရှိသမျှကို သုတ်တော် မူ၏။ နောက်တစ်ဖန် သေဘေးမရှိ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း ပင်ပန်းခြင်းလည်း မရှိသောကမ္ဘာ၏(း၎) လှပသောအောင်မြင်မှုမြင်ကွင်းကို ရှင်ယောဟန် ဖော်ပြထားသည်။

ခက်ခဲသောနေ့ရက်များတွင် ဤကတိတော်၌ အမှီပြုနိုင်ပါသည်။ ဆုံးရှုံးမှုမရှိ၊ ငိုကြွေးစရာမရှိ။ တကယ်လို့သာ… ဆိုသောစကားများ၊ ကျိုးပဲ့ကြေမွသော နှလုံးသားများလည်း ရှိမည်မဟုတ်တော့ပါ။ ကယ်တင်ရှင်နှင့် ထာဝရကာလပတ်လုံး ကျွန်တော်တို့ အတူနေရတော့မည်။ ဘုန်းကျက်သရေနှင့်ပြည့်စုံသော အောင်ပွဲပင် မဟုတ်ပါလား။ ADAM HOLZ