ပဲရစ်မြို့ရှိ နော်ထရီ ဒိမ်းဘုရားကျောင်းကြီးသည် လွန်စွာမှ ခမ်းနားကြီးကျယ်လှသည်။ ၎င်း၏ ဗိသုကာလက်ရာမှာ ညို့ယူဖမ်းစားနိုင်စွမ်းပြီး ရောင်စုံမှန် ပြတင်းပေါက်များနှင့် လှပသည့်အတွင်းပိုင်း အပြင်အဆင်မှာလည်း အသက်ရှူ မှားလောက်သည်။ သို့သော် ပဲရစ်မြို့တော်၏ရှုခင်းကို ရာစုနှစ်များစွာလွှမ်းမိုးထားရာမှ ယခုတွင် မီးလောင်မှုကြီး ကြောင့် အကြီးအကျယ်ပျက်စီးကာ ခမ်းနားထယ်ဝါသည့် အဆောက်အအုံကြီးကို ပြန်လည်ပြုပြင်ရန် လိုအပ်လေပြီ။

သို့နှင့် ၈ ရာစုခေတ်မှ ဤ အဆောက်အအုံဟောင်းကို မြတ်နိုးသူများက ယင်းကို ပြုပြင်ရန်ဖြစ်လာပြီး ဘုရားကျောင်းကြီးကို ထိန်းသိမ်းရန်အတွက် ရံပုံငွေ ဒေါ်လာ သန်း ၁၀၀ ကျော် ရှာဖွေခဲ့သည်။ အဆောက်အအုံနံရံကို ကျားကန်ပေးရမည်၊ ပျက်စီးသွားသည့် အတွင်းပိုင်း အပြင်အဆင်နှင့် အဖိုးတန်အနုပညာ လက်ရာများကို ပြန်လည် ပြုပြင် ထိန်းသိမ်းရမည်။ ဤရှေးဟောင်း ဘုရားကျောင်းသည် လူအများအတွက် မျှော်လင့်ခြင်း အမှတ်လက္ခဏာ ဖြစ်သည့်အတွက် ဤအားထုတ်မှုက အရေးကြီးသည်၊ လုပ်ဆောင်ထိုက်သည်။

ဤအဆောက်အအုံ၏အဖြစ်မှန်က ကျွန်ုပ်တို့၌ ဖြစ်ပျက်နေသည့်အဖြစ်မှန်နှင့် တူနေသည်။ ဤရှေးဟောင်းကျောင်းကြီးကဲ့သို့ ကျွန်ုပ်တို့၏ခန္ဓာသည် တဖြည်းဖြည်းယိုယွင်းကာ ပျိုမြစ်မှု၊ ဖြတ်လတ်တက်ကြွမှုတို့ တဖြည်းဖြည်း ဆုံးရှုံးသွားသော်လည်း မိမိ၏ဖြစ်တည်မှု အဓိကအချက်အချာ ဖြစ်သည့်ဝိညာဉ်ရေးပိုင်းသည် အစဉ်မပြတ် အသစ်ပြုပြင်ခံရပြီး ကြီးထွားနေခြင်းက သတင်းကောင်းဟု တမန်တော် ရှင်ပေါလုက ရှင်းပြထားသည် (၂ ကော ၄း၁၆)။

ဝိညာဉ်တော်နှင့် ပြည့်ဝရန်၊ ကျွန်ုပ်တို့ကို ပြောင်းလဲပေးရန် သန့်ရှင်းသော ဝိညာဉ်တော် အပေါ် အမှီပြုလျက် (၃း၁၈၊ ဧ ၅း၁၈)၊ ‘‘ဘုရားသခင်နှစ်သက်တော်မူသောသူ ဖြစ်ခြင်းငှာ ကြိုးစားအားထုတ်ကြ’’ရာ၌ (၅း၉)၊ ကျွန်ုပ်တို့၏‘‘ရုပ်သွင်ပြင်’’ မည်သို့မည်ပုံ ဖြစ်နေပါလေစေ၊ ဝိညာဉ်ရေးကြီးထွားမှုပိုင်းတွင် ဘယ်ခါမှမရပ်တန့်သွားရန် အရေးကြီး ပေသည်။ DAVE BRANON