West With The Night စာအုပ်၌ စာရေးဆရာမ ဘာရီမာ့ခမ်း က တက်ကြွသော မြင်းထီး Camciscan ကို ယဉ်ပါးအောင် သူထိန်းကျောင်းခဲ့ရသည့်အကြောင်းကို အသေးစိတ် ရေးသားထားသည်။ သူနှင့် မြင်းထီး Camciscan တို့ အပြိုင် ကြဲခဲ့ရသည်။ မည်သည့်နည်းဗျူဟာသုံးသုံး၊ မာန်ထောင်နေသည့်မြင်းထီးကို လုံးလုံးလျားလျား ယဉ်ပါးသွားအောင် သူမစွမ်းဆောင်နိုင်ခဲ့ပါ။ မြင်းထီး၏ တဇောက်ကန်းစိတ်ကို တစ်ကြိမ်သာအနိုင်ရခဲ့ဖူးသည်နှင့် ကျေနပ်ခဲ့ရသည်။

မိမိတို့၏လျှာကို ထိန်းကျောင်းရသည့် စစ်ပွဲ၌ ဤခံစားချက်မျိုးကို ကျွန်ုပ်တို့ဘယ်နှစ်ဦး ခံစားဖူးပါသနည်း။ ရှင်ယာကုပ်က လျှာကို မြင်းဇက်ကြိုး၊ သင်္ဘောတက်မ တို့နှင့် နှိုင်းယှဉ်သလို (ယာ ၃း၃-၅)၊ “ နှုတ်တစ်ပါးတည်း အထဲက ထောမနာချီးမွမ်းခြင်းနှင့် ကျိန်ဆဲခြင်း ထွက်တတ် ပါသည်တကား၊ ငါ့ညီအစ်ကိုတို့၊ ထိုသို့မဖြစ်ကောင်းရာ” (း၁၀) ဟုလည်း ညည်းတွားခဲ့သည်။

သို့ဖြစ်၍ လျှာကိုထိန်းကျောင်းရာတွင် ကျွန်ုပ်တို့ မည်သို့အနိုင်ရနိုင်မည်နည်း။ တမန်တော်ရှင်ပေါလုက လျှာကို
ယဉ်ပါးစေနိုင်မည့်အကြံကောင်းများ ပေးထားသည်။ ရှေ့ဦးစွာ စကားပြောရာတွင် အမှန်တရားကိုသာ ပြောရမည် (ဧ ၄း၂၅)။ ဤသို့ဆိုသော် တဲ့တိုး တုတ်ထိုး အိုးပေါက် စကားပြောရန် ခွင့်ပြုခြင်း မဟုတ်ပါ။ ဆက်လက်၍ ‘‘ညစ်ညူးသော စကားတစ်ခွန်းကိုမျှ သင်တို့ နှုတ်ထဲက မထွက်စေနှင့်။ ကြားနာသောသူတို့၏အကျိုးကို ပြုစုစေခြင်းငှာ တည်ဆောက်စရာဖို့ ကောင်းသောစကားကိုသာ သုံးဆောင်ကြလော့’’ (း၂၉)၊ တစ်ဖန် ‘‘ခပ်သိမ်းသောစိတ်တိုခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ် ငေါက်ငေါ်ခြင်း၊ သူ့အသရေပျက်အောင် ပြောဆိုခြင်း…၊ ခပ်သိမ်းသော မနာလိုခြင်း’’ (း၃၁) စသည့် မကောင်းမသင့်သည့်အရာများကိုလည်း ပယ်ရှားရန် မိန့်ကြားသည်။ ထိုသို့ပြုရန် မလွယ်၊ မိမိတို့ဘာသာ ကြိုးစားလည်း မလွယ်ပါ။ သို့သော် ကျွန်ုပ်တို့ အမှီပြုပါက ကျွန်ုပ်တို့ကိုမစမည့် သန့်ရှင်းသော ဝိညာဉ်တော်ရှိခြင်းက ကျေးဇူးတင်စရာဖြစ်သည်။

မြင်းထီး Camciscanထံမှ မာ့ခမ်း သင်ခန်းစာရခဲ့သည့်အတိုင်း မိမိ၏စိတ်အလို ဆန္ဒကို ပဲ့ထိန်းညွှန်ကြားရာတွင် တသမတ်တည်းရှိမှု လိုအပ်သည်။ လျှာကို ထိန်းကျောင်းခြင်းသည်လည်း ထိုသဘောအတိုင်းပင် ဖြစ်သည်။ LINDA WASHINGTON