Surprised by Joy စာအုပ်၌ ဆရာကြီး စီ အက်စ် လူးဝစ်က သူသည် ‘‘ကန်ကျောက်၊ ရုန်းကန်လျက်၊ နာကြည်းခါးသီးမှုကို ခံစားရလျက်၊ လွတ်မြောက်မည့်အရေးကို ကျီးကန်းတောင်းမှောက် ရှာဖွေပြီး’’ အသက် ၃၃ နှစ်မှ ခရစ်ယာန်ဖြစ်လာကြောင်း ဝန်ခံထားသည်။ သူ၏ခံနိုင်စွမ်း၊ အားနည်းချက်၊ ရင်ဆိုင်ရသည့်အတားအဆီးများ မည်သို့ပင်ရှိရှိ သူ့အား သတ္တိရှိသော၊ ထိုးထွင်းဉာဏ်ဖြင့် ဆန်းသစ်စွာ ယုံကြည်ခြင်းကို ကာကွယ်သူအဖြစ် ဘုရားရှင်က ပြောင်းလဲခဲ့သည်။ ဘုရားရှင်၏သမ္မာတရားနှင့် မေတ္တာတော်အကြောင်း သူရေးသားကြွေးကြော်ခဲ့သည့် ထိမိသောဆောင်းပါးနှင့် ဝတ္ထုတိုများကို သူကွယ်လွန်ပြီး နှစ်ပေါင်း (၅၀) ကျော်ထိ ယနေ့ထိတိုင် လူများဖတ်ရှု၊ လေ့လာ၊ ဝေမျှဆဲဖြစ်သည်။ ‘‘လူသည် ပန်းတိုင် နောက်တစ်ခုချမှတ်ရန် (သို့) အိပ်မက်သစ်မက်ရန် ဘယ်ခါမှ အရွယ်လွန် သွားခြင်းမရှိ’’ ဟူသည့် သူ့ယုံကြည်ချက်ကို သူ့အသက်တာက ထင်ဟပ်ပြသနေသည်။

မိမိအစီအစဉ်များချမှတ်ကာ မိမိ၏အိပ်မက်ကို ဖော်ဆောင်စဉ် ဘုရားရှင်သည် ကျွန်ုပ်တို့ကို လှုံ့ဆော်သည့်ဘ၀ရည်မှန်းချက်များကို သန့်စင်ပေးပြီး ကျွန်ုပ်တို့ ပြုလေသမျှအမှုကို သူ့ထံဆက်ကပ်နိုင်အောင် ခွန်အားပေးသည် (သု ၁၆း၁-၃)။ သာမန် အလုပ် မှအစ ကြီးမားသည့်စိန်ခေါ်မှုများကြုံရသည့်တိုင် အနန္တတန်ခိုးရှင် ဖန်ဆင်းရှင် ဘုရားသခင်၏ ဘုန်းတော်ထင်ရှားအောင် ကျွန်ုပ်တို့ရှင်သန်နိုင်ပါသည်။ ထိုသခင်သည် ‘‘ခပ်သိမ်းသော အရာတို့ကို ကိုယ်တော့်အဖို့၊ မတရားသောသူတို့ကိုလည်း ဘေးဒဏ် ခံရသောနေ့အဖို့ ဖန်ဆင်းမူသည်’’(း၎)။ ကိုယ်တော်၏စောင့်ထိန်းမှုအောက်တွင် (း၇) ကျွန်ုပ်တို့လုပ်ဆောင်သမျှ၊ ပြောဆိုသမျှ၊ တွေးတောသမျှသည် သခင့်အား စိတ်နှလုံး အကြွင်းမဲ့ ဝတ်ပြုခြင်း၊ ကိုယ်တော့်ထံချီးမြှောက်သည့်ယဇ်များ ဖြစ်လာနိုင်သည်။

မိမိ၏အားနည်းချက်၊ သံသယစိတ်၊ လက်လျော့လိုခြင်း၊ အိပ်မက် ကြီးကြီးမားမား မရှိခြင်း စသည့်အရာများက ဘုရားသခင့်ကို ကန့်သတ်ထား၍ မရပါ။ ကိုယ်တော့်ထံ ဆက်ကပ်အပ်နှံပြီး ကိုယ်တော့်အား အမှီပြုခြင်းဖြင့် ကိုယ်တော့်အတွက် အသက်ရှင်ရန် ကျွန်ုပ်တို့ရွေးချယ်သောအခါ ဘုရားရှင်သည် ကျွန်ုပ်တို့အတွက် သူ၏အကြံအစည်များကို ဖော်ဆောင်လိမ့်မည်။ ပြုလေရာရာ၌ ကိုယ်တော်နှင့်အတူ၊ ကိုယ်တော့်အတွက်၊ ကိုယ်တော်ကြောင့်သာ ကျွန်ုပ်တို့ပြုကြပါ၏။ XOCHITL DIXON