‘‘မင်းကို ပညာတော်သင်ကျောင်းသားအဖြစ် စေလွှတ်ဖို့ ရွေးလိုက်ပြီ။’’ ထိုစဉ်က ကျွန်တော့် အသက် ၁၇ နှစ်သာရှိသေးပြီး ဂျာမနီသို့ ပညာတော်သင်သွားရမည်ဖြစ်၍ အလွန် ပျော်သွားသည်။ သို့သော်အချိန် ၃ လအတွင်း သွားရမည်ဖြစ်၍ ဂျာမန်စာနှင့် စကားလည်း မသင်ရသေးပါ။

ထို ၃ လတာကာလအတွင်း နာရီပေါင်းများစွာ ဂျာမန်စာကို လေ့လာပြီး အချို့စကားလုံးများဆိုလျှင် ကျွန်တော် ရေးကျက်ခဲ့ရသည်။

နောက် ၃ လအကြာတွင် ဂျာမနီ၌ ကျောင်းတက်နေရပြီး ဂျာမန်စကားကောင်းကောင်း နားမလည်သဖြင့် စိတ်ပျက်အားလျော့ ဖြစ်ခဲ့ရသည်။ ထိုနေ့တွင် ဆရာမက ‘‘ဘာသာစကားကို လေ့လာတဲ့အခါ သဲတွင်းကိုယက်ပြီး တက်ရသလိုမျိုးပဲ၊ တစ်ခါတစ်လေ ဘာမှအရာမထင်ဘူးလို့ ထင်ရပေမဲ့ ဆက်ပြီးကြိုးစားပါ။ အကျိုးရှိလာပါလိမ့်မယ်’’ဟု အမြော် အမြင်နှင့် ပြည့်စုံသည့် အကြံဉာဏ်ပေးခဲ့သည်။

ရံဖန်ရံခါ ထိုစကားကို ကျွန်တော်ဆင်ခြင်လျက် သခင်ယေရှု၏ နောက်တော်လိုက်တစ်ဦးအနေဖြင့် ကြီးထွားရင့်ကျက်ခြင်းသည် မည်သည့် အဓိပ္ပာယ်နည်းဟု စဉ်းစားမိသည်။ တမန်တော်ရှင်ပေါလုက ‘‘ငါသည် တွေ့ကြုံသမျှသော အချင်းအရာတို့၌ ရောင့်ရဲသောစိတ်ရှိအံ့သောငှာ သင်မိပြီ ’’ ဟု ဆိုခဲ့သည်။ ရှင်ပေါလု ကဲ့သို့သောသူအတွက်ပင် ငြိမ်သက်ခြင်းသည် နေ့ချင်းညချင်းဖြစ်မလာ။ ၎င်းသည် ဖြည်းဖြည်းချင်း တိုးပွားလာသောအရာဖြစ်သည်။ ဤဖြစ်စဉ်၏လျှို့ဝှက်ချက်ကို ‘‘ငါ့ကို ခွန်အားနှင့် ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏’’ (ဖိ ၄း၁၂-၁၃) ဟု မျှဝေပြောပြခဲ့သည်။

ဘဝလောကဓံက စိန်ခေါ်မှုအပြည့်ရှိသည်။ လောကကိုအောင်နိုင်သူ သခင်ဘုရားထံ(ယော ၁၆း၃၃) ကျွန်တော်တို့ဦးလှည့်သောအခါ သခင်သည် သစ္စာတည်လျက် ကျွန်တော်တို့ကို ပို့ဆောင်ရုံမက၊ သခင်နှင့်နီးစပ် အကျွမ်းဝင်ခြင်းထက် အရေးကြီးသောအရာ ဘာမှမရှိကြောင်းကို တွေ့ရှိလာရပါသည်။ သခင်ဘုရားနှင့်အတူ လျှောက်လှမ်းစဉ် ကိုယ်တော်သည် ကျွန်တော်တို့အား သူ၏ငြိမ်သက်ခြင်းကို ပေးသည်။ သူ့ကို ကိုးစားနိုင်အောင် မစသည်။ ခရီးဝေးသွားနိုင်အောင် ကျွန်တော်တို့ကို တန်ခိုးပေး တော်မူသည်။ JAMES BANKS