သက်နုစာရေးဆရာဖြစ်သည့်အလျောက် စာအရေးအသား သင်တန်းများတွင် တခါတရံ မိမိကိုယ်ကိုမိမိ မရေရာမသေချာသလို ခံစားရသည်။ သင်တန်းခန်းမကိုကြည့်ပြီး လူထွားကြီးများအပြည့် (စနစ်တကျလေ့ကျင့်ထားသော စာရေးဆရာ (သို့) ဝါရင့် စာရေးဆရာများ) ရှိသောအခန်းဟုသာ မြင်မိသည်။ ကျွန်တော်က စနစ်တကျ သင်တန်းတက် လေ့ကျင့်ထားခြင်းမရှိ၊ ဝါရင့်စာရေးဆရာ တစ်ယောက်လည်း မဟုတ်ပါ။ သို့သော် ကျွန်တော်၌ ဘာသာစကားအယူအဆ၊ အသံနေအထား၊ ကာရံများနှင့် ဖွဲ့စည်းထားသည့် ကင်းဂျိမ်းစ်ဗားရှင်း အင်္ဂလိပ် သမ္မာကျမ်းစာကို နားလည်နိုင်သော စွမ်းရည်ရှိသည်။ ပြောရလျှင် ၎င်းသည် ကျွန်တော့်တွင်ရှိသော ချပ်ဝတ်တန်ဆာ ဖြစ်ပြီး ကျွန်တော်နှင့် အကျွမ်းတ၀င်ရှိသည်။ ၎င်းသည် ကျွန်တော်၏ စာရေးဟန်နှင့် လေသံကို ပုံဖော်ပေးသဖြင့် ကျွန်တော်ဝမ်းမြောက်မိသည်။ အခြားသူများအတွက်လည်း ဝမ်းမြောက်ခြင်းကို ဖြစ်စေမည်ဟု ကျွန်တော်မျှော်လင့်မိပါသည်။

ဒါဝိဒ်သည် ဂေါလျက်ကိုတိုက်ရန် ရှောလု၏ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်သောအခါ သူသည် မသေချာမရေရာစွာ ခံစားရမည်ဟု ကျွန်တော်တို့ မထင်မိပါ (၁ရာ ၁၇း၃၈-၃၉)။ သို့သော် သူလှုပ်၍ပင် မရပါ။ လူတစ်ဦးအတွက် အကွယ်အကာ ဖြစ်သောအရာသည် အခြားသူအတွက် အချုပ်အနှောင်ဖြစ်ကြောင်း ဒါဝိဒ် သိလိုက်သည်။ ထိုလက်နက်တို့နှင့် သူမသွားနိုင်ဟုဆိုကာ (း၃၉)၊ သူကျွမ်းသော အရာကိုသာ ဒါဝိဒ်ကိုးစားတော့သည်။ ထိုအချိန်လေးအတွက် လိုအပ်သောအရာကို ဘုရားရှင် ပြင်ဆင်ထားနှင့်ပြီ ဖြစ်သည် (း၃၄-၃၅)။ လောက်လွဲနှင့် ကျောက်ခဲလေးသည် ဒါဝိဒ်နှင့်အကျွမ်းဝင်ပြီးသား သူ့လက်နက်ဖြစ်ပြီး ၎င်းတို့ကို ဘုရားရှင်သုံးကာ ထိုနေ့သည် ဣသရေလလူတို့အတွက် ဝမ်းမြောက်ခြင်းကို ယူဆောင်ပေးသောနေ့ဖြစ်ခဲ့သည်။

“သူ့မှာရှိတဲ့ပစ္စည်းမျိုး ငါ့မှာရှိခဲ့ရင် ငါ့ဘ၀ကြီး တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားမှာ’’ဟု သင်စဉ်းစားဖူးပါသလား။ သင့်တစ်ယောက်တည်းကိုသာ ဘုရားသခင် အထူး ပေးထားသော ဆုကျေးဇူး (သို့) အတွေ့အကြုံကို ဆင်ခြင်လိုက်ပါ။ ဘုရားရှင် သင့်အား ပေးအပ် ထားသော ချပ်ဝတ်တန်ဆာအပေါ်တွင် ယုံကြည်လိုက်ပါ။ JOHN BLASE