ဇာတ်လမ်းအရ ၁၇၆၃ ခန့်က ငယ်ရွယ်သော တရားဟောဆရာလေးတစ်ဦးသည် အင်္ဂလန်ပြည် စိုးမားဆက် ရှိ တောင်ကမ်းပါးတစ်လျှောက်တွင် ခရီးသွားစဉ် မိုးသည်းထန်စွာ ရွာပြီး လျှပ်စီးပြက်သဖြင့် ဂူတစ်ခုအတွင်း၌ ပုန်းခိုခဲ့ရသည်။ သူသည် ချယ်တာဂေါ့ဂ်ျ ကျောက်ဆောင်များကို ကြည့်ရင်း ဘုရားရှင်၌ ရရှိသော အကာအကွယ်နှင့် ငြိမ်သက်ခြင်း ဆုကျေးဇူးအကြောင်းကို ဆင်ခြင်မိခဲ့သည်။ ထိုသို့ မိုးခိုရင်း “မြဲတည်ကျောက် ကျွန်ုပ်ဖို့ကွဲ၊ ခိုပါစေ ကိုယ်တော်အထဲ” ဟု အစချီသည့် “မြဲတည်ကျောက်ကျူး” ဓမ္မသီချင်းကို သူရေးစပ်ခဲ့သည်။

ဆရာ သြဂတ်စတပ် တော့လေဒီ သည် ဂူထဲ မိုးခိုရင်းမှ သီချင်းရေးစပ်စဉ် ကျောက်ကြား၌ ပုန်းအောင်းသည့် မောရှေအကြောင်းကိုများ စဉ်စားခဲ့လေသလားဟု ကျွန်မတို့ မပြောနိုင်ပါ (ထွက် ၃၃း၂၂)။ သို့မဟုတ် သူစဉ်းစားကောင်း စဉ်းစားခဲ့ပါလိမ့်မည်။ ထွက်မြောက်ရာကျမ်းတွင် မောရှေက ဘုရားရှင်ထံမှ သေချာသောအာမခံမှုနှင့် တုံ့ပြန်မှုကို ရှာဖွေခဲ့ကြောင်း ပြောထားသည်။ သူ၏ဘုန်းတန်ခိုးတော်ကို သူ့အား ထင်ရှားပြရန် ဘုရားရှင်အား မောရှေ တောင်းဆိုသောအခါ ကရုဏာကြီးစွာဖြင့် ဘုရားရှင်က ‘‘သင်သည် ငါ့မျက်နှာကို မမြင်နိုင်ရာ။ ငါ့မျက်နှာကိုမြင်လျှင် အသက်ရှင်ရသောသူ တစ်စုံတစ်ယောက်မျှမရှိ ’’ဟု ဖြေကြားခဲ့သည်(း၂၀)။ ဘုရားရှင်ကြွသွားသည့်အခိုက် မောရှေအား ကျောက်ကြားသို့ ပို့ဆောင်ကာ သူ့နောက်ကျောကိုသာ ပြသခဲ့သည်။ မောရှေသည်လည်း ဘုရားရှင်သည် သူနှင့်အတူရှိကြောင်း သိလိုက်သည်။

မောရှေအား “ငါကိုယ်တိုင်သွား၍ ငြိမ်ဝပ်ခြင်းချမ်းသာကို ပေးမည်” ဟု ဘုရားရှင် မိန့်တော်မူသောစကားကို ကျွန်မတို့လည်း ယုံကြည်နိုင်ပြီး ကိုယ်တော်၌ ခိုလှုံရာကို ရှာတွေ့နိုင်ပါသည်။ မောရှေနှင့် အထက်ပါအင်္ဂလိပ်တရားဟောဆရာလေး နည်းတူ ကျွန်မတို့လည်း အသက်တာတွင် များစွာသော ဘဝမုန်တိုင်းများနှင့် ရင်ဆိုင် ရမည်။ သို့သော် ဘုရားရှင်ကို ကျွန်မတို့ အော်ဟစ်ခေါ်သောအခါ သူ၏ငြိမ်သက်ခြင်း မျက်မှောက်တော်ကို ဘုရားသခင်ပေးမည်ဖြစ်သည်။ AMY BOUCHER PYE