သာယာသော စနေနေ့ နေ့လည်ပိုင်းတွင် ကျွန်မတူမ၊ သူ၏ ၄နှစ်အရွယ်သမီး ကဲလင်း နှင့် ကျွန်မတို့ အတူတကွ အချိန်ဖြုန်းခဲ့ကြသည်။ အိမ်အပြင်၌ ဆပ်ပြာပူပေါင်းမှုတ်ကြ၊ မင်းသမီးစာအုပ်များကို အရောင်ချယ်ကြ၊- ထောပတ်မြေပဲနှင့် ဂျယ်လီနှင့် လုပ်ထားသော အသားညှပ်မုန့်များ အတူစားကြနှင့် ပျော်ခဲ့ကြသည်။ သူတို့ပြန်ရန် ကားပေါ်တက်သွား သောအခါ ကဲလင်း က ‘‘သမီးကို မေ့မသွားနဲ့နော် အန်တီ အန်း’’ဟု သူ့အမေခေါ်သလို ခေါ်ပြီး ချစ်စဖွယ် အော်ပြောသည်။ ကားဆီသို့ ကျွန်မ အမြန်ပြေးသွားကာ ‘‘သမီးကို အန်တီ ဘယ်တော့မှ မမေ့ဘူးနော်၊ မကြာခင် ထပ်တွေ့ကြမယ်နော်” ဟု တီးတိုးပြောလိုက်ပါတော့သည်။

တမန်တော်ဝတ္ထု ၁ တွင် တပည့်တော်များသည် သူတို့မျက်စိရှေ့တင် သခင်ယေရှုကောင်းကင်သို့ တက်ကြွ သွားသည်ကို ကြည့်ရှုနေကြသည်(း၉)။ သူတို့သခင် သူတို့ကို မေ့များမေ့သွားမလားဟု ကျွန်မတွေးမိသည်။ သို့သော်လည်း သူတို့အထဲ၌ ရှိနေမည့် သန့်ရှင်းသော ဝိညာဉ်တော်ကို စေလွှတ်ပေးမည်အကြောင်းနှင့် ညှဉ်းပန်းနှိပ်စက်ခံရသောအခါ ခံရပ်နိုင်သော တန်ခိုးကို ပေးမည်ဟု သခင်ကတိပေးခဲ့သည်။ သူပြန်သွားခြင်းသည် သူတို့နေစရာနေရာကို သွားရောက်ပြင်ဆင်နေခြင်းဖြစ်ပြီး တစ်နေ့တွင် သူတို့ကို ပြန်လည်သိမ်းဆည်းမည် ဖြစ်ကြောင်း သခင်သွန်သင်ခဲ့ပြီးဖြစ်သည် (ယော ၁၄း၃)။ သို့သော် ဘယ်အချိန်ထိ စောင့်ဆိုင်းရမည်နည်းဟု သူတို့ တွေးကောင်းတွေးမည်။ သို့မဟုတ် ‘‘သခင်ယေရှု၊ ကျွန်ုပ်တို့ကို မေ့မသွားပါနဲ့နော် ’’ ဟူ၍ ပြောချင်ကြလိမ့်မည်။

သခင်ယေရှုကို ယုံကြည်သူ ကျွန်မတို့အတွက် သခင်သည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ကျွန်မတို့အတွင်း၌ အသက်ရှင်နေပါသည်။ မည်သည့်အချိန်တွင် သခင် နောက်တစ်ကြိမ် ပြန်လာပြီး ကျွန်မတို့နှင့်တကွ ဖန်ဆင်းခြင်းအရာခပ်သိမ်းကို ပြုပြင်ပြောင်းလဲပေးမည်နည်းဟု ကျွန်မတို့တွေးကောင်းတွေးမည်။ သို့သော် ၎င်းသည် မုချဖြစ်လာမည့်ကိစ္စဖြစ်သည်။ ကိုယ်တော်သည် ကျွန်မတို့ကို ဘယ်သောအခါမျှ မေ့မသွားပါ။ ထို့ကြောင့် “…ယခုပင်ပြုသည်နည်းတူ အချင်းချင်းတိုက်တွန်း၍ တစ်ယောက်ကို တစ်ယောက် တည်ဆောက်ကြလော့” (၁သက် ၅း၁၁)။ ANNE CETAS