လန်ဒန် မြို့ရှိ Tate ခေတ် ပြတိုက် သို့ သွားရောက်လေ့လာခဲ့စဉ်က ဘရာဇီးအနုပညာရှင် Cildo Meireles ဖန်တီးထားသည့် ရာနှင့်ချီသော ရေဒီယိုဟောင်းများဖြင့် ပြုလုပ်ထားသည့် ဧရာမ မိုးပျံမျှော်စင်ပုံ အနုပညာ လက်ရာတစ်ခုက ကျွန်ုပ်အာရုံကို ဖမ်းစားသည်။ ရေဒီယိုအလုံးတိုင်းကို ဖွင့်ထားပြီး၊ မတူညီသော အသံလှိုင်းများကြောင့် နားမလည်နိုင်သောစကားသံများဖြင့် ကျွတ်ကျွတ်ဆူ ညံနေ တော့သည်။ ၎င်းကို Meireles က ဗာဗုလုန်ရဲတိုက် ဟု နာမည်ပေးထားသည်။

ထိုပုံစံနှင့် ထိုနာမည် လိုက်ဖက်ပါသည်။ မူလ ဗာဗုလုန် ရဲတိုက်ကြီးတည်ဆောက်စဉ် လူသားများ ကောင်းကင်သို့ တက်ရန် ကြိုးစားခြင်းကြောင့် ပြောစကား များကို ရှုပ်ထွေးစေခြင်းဖြင့် ဘုရားရှင် တားဆီးရပ်တန့် ပစ်ခဲ့သည် (က ၁၁း၁-၉)။ တစ်ယောက်နှင့်တစ်ယောက် ဆက်သွယ်၍မရတော့သည့်အခါ ဘာသာစကား မတူညီသော လူမျိုးနွယ်စုအသီးသီးအဖြစ် ကွဲပြားသွားသည် (း၁၀-၂၆)။ ဘာသာစကား ကွဲပြားချိန်မှစပြီး အချင်းချင်း နားလည်ရန် ကျွန်ုပ်တို့ကြိုးစားရုန်းကန်ရတော့သည်။

ထိုအကြောင်းအရာ၌ ဒုတိယပိုင်းရှိသည်။ ပင်တေကုတ္တေပွဲနေ့တွင် ကနဦး ခရစ်ယာန်များအပေါ် သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်သောအခါ ထိုနေ့တွင် ယေရုရှလင်မြို့သို့ ရေခြားမြေခြားမှရောက်လာသူများ၏ ဘာသာစကားအသီးသီးအားဖြင့် သူတို့ဘုရားရှင်ကို ချီးမွမ်းခဲ့သည်(တ ၂း၁-၁၂)။ ထိုနိမိတ်လက္ခဏာအားဖြင့် လူမျိုးမတူ ဘာသာစကားမတူ စေကာမူ လူတိုင်းသည် သတင်းစကားတစ်မျိုးတည်းကိုသာ ကြားခဲ့ကြရသည်။ ဗာဗုလုန်ခေတ်က ရှုပ်ထွေးမှုကို ပြောင်းပြန်လှန်ပစ်ခဲ့သည်။

လူမျိုးကွဲပြားပြီး ယဉ်ကျေးမှုများ မတူညီသောလောကကြီးတွင် ၎င်းသည် သတင်းကောင်းတစ်ခုပင်။ သခင်ယေရှုအားဖြင့် ဘုရားသခင်သည် နိုင်ငံတိုင်း လူမျိုးတိုင်းနှင့် ဘာသာစကားတိုင်းအတွက် လူ့ဘောင်သစ်တစ်ခုကို ဖန်တီးနေသည် (ဗျာ ၇း၉)။ ပြတိုက်ထဲ ကျွန်ုပ်ရပ်ရင်း ထိုရေဒီယိုအားလုံးသည် အသံလှိုင်းအသစ်တစ်ခုကို ဖမ်းမိပြီး ‘‘ကျေးဇူးမေတ္တာ အံ့ဖွယ်ချိုသာ၊ ပြစ်သား ငါ့ကို ကယ်ရှာ’’ ဟူသည့် သီချင်းတစ်သံတည်း အခန်းထဲ ပျံ့လွင့်သွားမည်ကို စိတ်ကူးယဉ်မိပါတော့သည်။ SHERIDAN VOYSEY