ချော်ရည်ပူများက ရေဘဝဲလက်တံများပမာ သစ်တောစပ်သို့ လျင်မြန်စွာ စီးဆင်း လာသည့် အသံမှလွဲ၍ အားလုံးငြိမ်သက်နေကြသည်။ ဒေသခံများက သောကပူပန်စိတ်နှင့် ရပ်ကြည့်နေကြသည်။ ထိုမြင်ကွင်းကို များသောအားဖြင့် ‘‘ကောင်းကင်ဘုံ’’ဟု သူတို့ ခေါ်ဆိုကြသည်။ သို့သော် ယနေ့တွင်မူ ဟာဝိုင်အီကျွန်း ပုနဒေသမှ ချော်ရည်ပူ အက်ကြောင်းကြီးက ဘုရားသခင်သည် ထိန်းချုပ်မရသော မီးတောင်စွမ်းအားဖြင့် ဤကျွန်းကို ရွေ့နေကြောင်း လူတိုင်းကို သတိပေးနေသည်။

ဣသရေလလူတို့သည်လည်း ထိန်းချုပ်မရသော တန်ခိုးတော်နှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ ဒါဝိဒ်မင်းကြီးက ပဋိညာဉ်သေတ္တာတော်ကို ပြန်လည်သိမ်းယူသောအခါ (၂ ရာ ၆း၁-၄) ဝမ်းမြောက်စွာဖြင့် ဆင်နွဲကြသည် (း၅)။ ထိုအခိုက် သေတ္တာတော်စောင်းသွားသဖြင့် ထိန်းကိုင်လိုက်သူမှာ သေဆုံးသွားသည် (း၆-၇)။

ဘုရားသခင်သည် သူပဲဖန်ဆင်း၊ သူပဲဖျက်စီးနှင့် ခန့်မှန်းရခက်သည့် မီးတောင်ကဲ့သို့ဖြစ်သည်ဟု ကောက်ချက်ချလိုက်ရန် သွေးဆောင်ခံရနိုင်သည်။ သို့သော် သူ့ကို ကိုးကွယ်ခြင်းအမှု၌ အသုံးပြုမည့်ပစ္စည်းများကို မည်သို့သယ်ဆောင်ရမည်ကို ဣသရေလလူတို့အား ဘုရားရှင် တိကျစွာ ညွှန်ကြားထားကြောင်း ကျွန်ုပ်တို့ သတိရအပ်သည် (တော ၄)။ ဣသရေလလူတို့သည် ဘုရားသခင် အထံတော်သို့ တိုးဝင်ခွင့် ရရှိထားသည်။ သို့သော် ထာဝရဘုရား၏ မျက်မှောက်တော်သည် အံ့မခန်း ကြီးမြတ်လွန်းခြင်းကြောင့် ပစ်စလက်ခတ် မဝင်ရောက်သင့်ပါ။

ဟေဗြဲ ၁၂ တွင် ဘုရားသခင် မောရှေအား ပညတ်တော် ၁၀ ပါးပေးခဲ့သည့် ‘‘လောင်သောမီးနှင့်တောင်’’အကြောင်း ပြန်ပြောင်းဖော်ပြထားသည်။ ထိုတောင်ကြောင့် လူအပေါင်းတို့သည် ကြောက်ရွံ့တုန်လှုပ်ကြသည် (း၁၈-၂၁)။ သို့သော် ဟေဗြဲသြဝါဒစာ ရေးသူက ထိုမြင်ကွင်းကို ‘‘သင်တို့သည် … ပဋိညာဉ်တရားသစ်၏အာမခံတည်းဟူသော ယေရှုထံတော်သို့ … ရောက်ကြ၏’’ (း၂၂-၂၄) ဟူသည့် ကျမ်းချက်နှင့် နှိုင်းယှဉ်ပြသည်။ ဘုရားသခင်၏သားတော်ယေရှုသည် ထိန်းချုပ်မရသော်လည်း ချစ်နှစ်သက်ဖွယ် အဘခမည်းတော် အထံတော်သို့ ကျွန်ုပ်တို့ တိုးဝင်နိုင်အောင် လမ်းပြင်ဆင်ပေးခဲ့ပြီ ဖြစ်သည်။ TIM GUSTAFSON