The Chronicles of Narnia ဇာတ်ကားတွင် အသံစူးစူးနှင့် ရက်ပီချိကြွက်သည် အရဲရင့်ဆုံး သရုပ်ဆောင်ဖြစ်မည်။ သူ့ဓားသေးသေးလေးကို ဝှေ့ယမ်းပြီး တိုက်ပွဲသို့ တစ်ဟုန်ထိုး ပြေးဝင်သည်။ ‘‘အမှောင်ကျွန်း’’ဆီသို့ မကြောက်မရွံ့ချဉ်းကပ်သည်။ ရက်ပီချိ သတ္တိရှိရသည့် လျို့ဝှက်ချက်ကား အဘယ်နည်း။ ခြင်္သေ့ကြီး အာစလန်၏ နိုင်ငံထဲသို့ ဝင်လိုသည့် ဆန္ဒစိတ်က သူ့အထဲ၌ နက်ရှိုင်းစွာ အမြစ်တွယ်နေသည်။ ‘‘ဒါငါ့နှလုံးသားရဲ့ဆန္ဒပဲ’’ ဟု သူက ဆိုသည်။ သူဘာလိုချင်သည်ကို ရက်ပီချိ ကောင်းကောင်း သဘောပေါက်သည်။ ဤစိတ်ဆန္ဒက သူ့ကို ခြင်္သေ့မင်းထံ တွန်းပို့ခေါ်ဆောင်သွားခဲ့သည်။

ယေရိခေါမြို့မှ မျက်မမြင်ဗာတိမဲသည်လည်း သူထိုင်နေကျနေရာတွင် သူများ စွန့်ကြဲမည့် အကြွေစေ့ကို မျှော်ရင်း ခွက်ခေါက်နေစဉ် သခင်ယေရှုနှင့် လူအုပ်ကြီး ရောက်လာခြင်းကို သူကြားလိုက်ရသည်။ ‘‘ဒါဝိဒ်၏သားတော် ယေရှု၊ ကျွန်ုပ်ကို ကယ်မ သနားတော်မူပါ’’ (မာ ၁၀း၄၆) ဟု သူ ဟစ်ခေါ်လိုက်သည်။ လူအုပ်ကြီးမှ သူ့ကို တိတ်တိတ်နေရန် ငေါက်ငမ်းမာန်မဲသော်လည်း မရပါ။

သခင်ယေရှုရပ်တန့်သွားသည်ဟု ရှင်မာကုက ဖော်ပြထားသည် (း၄၉)။ လူအုပ်ကြီးကြားတွင် ဗာတိမဲ၏အသံကို ယေရှုကြားတော်မူ၏။ ‘‘သင်၌ အဘယ်သို့ ပြုစေလိုသနည်း’’ (း၅၁) ဟု သခင်မေးလေသည်။

ရှင်းပါသည်။ အဖြေကို သခင်ယေရှုသိပြီးသားဖြစ်မည်။ ဗာတိမဲအား သူ့စိတ်ဆန္ဒအလိုကို ဖွင့်ပြရန် အခွင့်ပေးသည်တွင် တန်ခိုးရှိသည်ဟု သခင်ယုံကြည်ပုံ ရသည်။ ဗာတိမဲက ‘‘ကျွန်ုပ် မျက်စိမြင်ချင်ပါတယ်’’ ဟု ဖြေသည် (း၅၂)။ သို့နှင့် သခင်ယေရှုသည် ဗာတိမဲအား အရောင်အသွေးစုံလင်သည့် အလှတရားနှင့် မိတ်ဆွေ များ၏ မျက်နှာကို ပထမဦးဆုံး မြင်တွေ့ခွင့်ပေးလျက် အိမ်ပြန်လွှတ်လိုက်သည်။
တောင့်တစိတ်ဆန္ဒတိုင်း ချက်ခြင်း ပြည့်စုံသည် မဟုတ်ပါ။ (အချို့ဆန္ဒဆိုလျှင် ပြင်ကောင်းပြင်ရန် လိုမည်။) သို့သော် ဗာတိမဲသည် သူဖြစ်ချင်သည့်ဆန္ဒကို သိပြီး သခင်ယေရှုထံ ယူဆောင်လာခြင်းကသာ အဓိကဖြစ်သည်။ သတိပြုဆင်ခြင် ကြည့်လျှင် ကျွန်ုပ်တို့၏စစ်မှန်သောတောင့်တစိတ်နှင့်ဆန္ဒများသည် ကျွန်ုပ်တို့ကို သခင့်ထံပို့ဆောင် နေကြောင်း ကျွန်ုပ်တို့ သိလာလိမ့်မည်။ WINN COLLIER