ပိန်းပိတ်နေသောအမှောင်ထုထဲ ကျွန်မနိုးလာသည်။ အိပ်ပျော်သွားသည်မှာ နာရီဝက်ပင်မရှိသေး။ နိုးလာ၍ တော်တော်နှင့် ပြန်အိပ်၍ရတော့မည်မဟုတ်ဟု စိတ်ထဲသိနေသည်။ မိတ်ဆွေတစ်ဦး၏ ခင်ပွန်းက ဆေးရုံတက်နေရပြီး ‘‘ကင်ဆာ ရောဂါပြန်ကြွလာ၍ ယခုတွင် ဦးနှောက်နှင့်ကျောရိုးသို့ပင် ပြန့်နေပြီ’’ဆိုသော သတင်းဆိုးကို ကြားရသည်။ မိတ်ဆွေများအတွက် ကျွန်မ တစ်ကိုယ်လုံး နာကျင်ခံစားမိသည်။ မည်မျှ ၀န်လေး လိုက်မည်ဖြစ်ခြင်း။ သို့သော် မအိပ်ဘဲ ဆုတောင်းနေစဉ် တစ်လျှောက်လုံး ကျွန်မ၏ စိတ်ဝိညာဉ်မှာ ပေါ့ပါးနေသည်။ သူတို့အတွက် ကျွန်မလှလှပပ ဝန်တာထားသည်ဟု သင်ဆိုနိုင်ပါသည်။ ဤအရာ မည်သို့ ဖြစ်နိုင်သနည်း။

ရှင်မဿဲခရစ်ဝင် ၁၁း၂၈-၃၀ တွင် ဝန်လေး၍ပင်ပန်းနေသူများအတွက် နားခိုရာကို ရှင်ယေရှု ကတိပေးထားသည်။ ထူးဆန်းသည်က ကိုယ်တော်၏နားခိုရာမှာ သူ့ထမ်းပိုး အောက်လျှိုဝင်ပြီး သူ့ဝန်ထုပ်ကိုခံယူမှသာ ရရှိမည်။ ‘‘ငါ့ထမ်းပိုးသည် ထမ်းလွယ်၏။ ငါဝန်လည်းပေါ့၏”ဟု အပိုဒ်ငယ် ၃၀ တွင် ရှင်းပြထားသည်။ ကျွန်ုပ်တို့၏ကျောထက်မှ ဝန်ထုပ်ကို ရှင်ယေရှုအား ချီမခွင့်ပြုပြီး မိမိကိုယ်ကို ရှင်ယေရှု၏ထမ်းပိုးအောက် လျှိုဝင်လိုက်သောအခါ ကျွန်ုပ်တို့သည် ကိုယ်တော်နှင့်အတူ သိုင်းကြိုးဆင်ကာ သူနှင့်အတူ လျှောက်လှမ်းပြီး သူခွင့်ပြုသည့်အတိုင်းဖြစ်လာသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ဝန်ထုပ်အောက် ကိုယ်ကိုကိုင်းလိုက်သောအခါ သူ၏ ဝေဒနာများကို ကျွန်ုပ်တို့မျှဝေခံစားခြင်းဖြစ်ပြီး ထိုအရာက ကိုယ်တော်၏ နှစ်သိမ့် ချမ်းသာကိုလည်း ဝေမျှခံစားစေသည် (၂ ကော ၁း၅)။

ကျွန်မ၏မိတ်ဆွေများအတွက် စိုးရိမ်ပူပန်စိတ်က လေးလံသည့်ဝန်ဖြစ်ပါသည်။ သို့သော် ဆုတောင်းခြင်းဖြင့် ယင်းကိုသယ်ဆောင်နိုင်ရန် ဘုရားသခင်က ခွင့်ပြုပေးမည် ဖြစ်၍ ကျွန်မ ကျေးဇူးတင်မိပါသည်။ ဖြည်းဖြည်းချင်း ကျွန်မ ပြန်အိပ်ပျော်သွားပြီး ပြန်နိုး လာပြန်သည်။ လှလှပပနှင့်ဝန်ထမ်းနေရဆဲဖြစ်သော်လည်း ယခုအချိန်တွင် ထမ်းလွယ် သော ထမ်းပိုးအောက်၊ ရှင်ယေရှုနှင့်အတူ လျှောက်လှမ်းခြင်းဟူသော ပေါ့ပါးသော ဝန်ထုပ်နှင့်သာဖြစ်ပါသည်။ ELISA MORGAN