ရာဇပလ္လင်ကြီးတစ်ခုရှိသည့် အခန်းကို စိတ်ကူးမြင်ယောင်ကြည့်ပါ။ ပလ္လင်ထက်တွင် ကြီးမြတ်သည့်ရှင်ဘုရင်တစ်ပါး ထိုင်နေသည်။ သူ့ဘေးပတ်လည်တွင် အခြွေအရံ အစေအပါး များစွာတို့ကလည်း ကျိုးနွံရိုကျိုးစွာ ဝန်းရံနေသည်။ ယခုတွင် ရှင်ဘုရင်ကြီး၏ ခြေတော်နားရှိ သေတ္တာတစ်လုံးကို မြင်ယောင်ကြည့်လိုက်ပါ။ ဘုရင်ကြီးသည် မကြာမကြာ သေတ္တာကိုလှမ်းကိုင်ပြီး လက်နှင့်လည်း စမ်းနေတတ်သည်။ သေတ္တာထဲတွင် ဘာရှိသနည်း။ ဘုရင်ကြီးအကြိုက် ရတနာ၊ ရွှေနှင့် အဖိုးထိုက်ကျောက်မျက်များလား။ ဤသေတ္တာထဲတွင် ဘုရင်ကြီး၏ အဖိုးထိုက်ရတနာ၊ ဘုရင်ကြီးအား ဝမ်းမြောက် အားရစေသည့် အရာတစ်ခုရှိသည်။ ထိုပုံမြင်ကွင်းကို သင့်စိတ်ထဲ မြင်နိုင်ပါသလား။

ဟေဗြဲဘာသာဖြင့် ဤရတနာမှာ segulah ဖြစ်ပြီး ‘‘အထူးပိုင်ဆိုင်မှု’’ဟု အဓိပ္ပာယ်ရသည်။ ထိုစကားလုံးကို ဣသရေလလူမျိုးတို့အား ရည်ညွှန်းထားသည့် ထွက် ၁၉း၅၊ တရား ၇း၆ နှင့် ဆာ ၁၃၅း၎ စသည့် ဓမ္မဟောင်းကျမ်း၌ တွေ့နိုင်သည်။ ဓမ္မသစ်ကျမ်းထဲတွင်လည်း တမန်တော်ရှင်ပေတရု ရေးသားသော စာတွင် ထိုစကားလုံးကို တွေ့ရပြန်သည်။ ရှင်ပေတရုက ဣသရေလလူမျိုး ဆိုသည့် အချက်ကို ကျော်ပြီး ‘‘ကရုဏာကျေးဇူးတော်ကို…ခံရသော’’ ‘‘ဘုရားသခင်၏အပေါင်းအသင်း’’ (၁ ပေ ၂း၁၀) ဟု ဖော်ပြထားသည်။ တစ်နည်းဆိုရလျှင် ဂျူးလူမျိုးနှင့် ဂျူးမဟုတ် သူများ အားလုံးပါဝင်သည့် ရှင်ယေရှုအား ယုံကြည်သူအားလုံးကို ရည်ညွှန်းလျက် ‘‘သင်တို့မူကား… မှောင်မိုက်ထဲမှ အံ့ဖွယ်သောအလင်းတော်သို့ ခေါ်သွင်းတော်မူသော သူ၏… ပိုင်ထိုက်တော်မူသော အပေါင်းအသင်း ဖြစ်ကြ၏’’ဟု ရေးသားခဲ့သည် (း၉)။

မြင်ယောင်ကြည့်ပါ။ ကြီးမြတ်ပြီး တန်ခိုးကြီးသော ကောင်းကင်ဘုံရှင် ဘုရင်မင်းက သင့်ကို သူ၏အဖိုးထိုက်ရတနာအဖြစ် သတ်မှတ်သည်။ အပြစ်နှင့် သေခြင်း၏ချုပ်နှောင်မှုမှ သင့်ကို သူကယ်နုတ်ခဲ့သည်။ သင့်ကို သူပိုင်ဆိုင်ကြောင်း အခိုင်အမာ ဆိုသည်။ ရှင်ဘုရင်ကြီး၏အသံတော်က ‘‘ဤသူကို ငါချစ်၏။ ဤသူကား ငါ့အပိုင်ဖြစ်၏’’ ဟု ပြောကြားနေပါသည်။ John Blase