သင်းအုပ်ဆရာ ၀ပ်ဆင်ဂျုံး သည် ငယ်ငယ်က စက်ဘီးစီးသင်ခဲ့သည့်အကြောင်းကို အမှတ်ရနေသည်။ သူ့ဖခင်က သူ့နံဘေးတောက်လျှောက်လိုက်ပါထိန်းပေးသည်။ ထိုစဉ် ခုံတန်းရှည်ပေါ်တွင် မိန်းကလေးတစ်ဖွဲ့ ထိုင်နေသည်ကို ၀ပ်ဆင် တွေ့လိုက်သဖြင့် ‘‘ဖေဖေ၊ သားစက်ဘီးစီးတတ်သွားပြီ’’ဟု ပြောလိုက်သည်။ သူမစီးတတ်သေးပါ။ သူ့ဖခင်က လက်ကိုင်ငြိမ်အောင် မကိုင်မထိန်းထားဘဲနှင့် ဟန်ချက်ညီညီ သူမစီးနိုင်သေးကြောင်း သူအသိ နောက်ကျ သွားပြီ။ သူထင်ထားသလောက် သူအရွယ်မရောက်သေးပါ။

ကျွန်ုပ်တို့၏ ကောင်းကင်ဘုံရှင်အဘသည်လည်း ကျွန်ုပ်တို့ကြီးပြင်းအရွယ်ရောက်ပြီး ‘‘ခရစ်တော်၏ ပြည့်စုံခြင်း ပမာဏအရပ်တည်းဟူသော ကြီးရင့်သူအဖြစ်သို့ရောက်’’ရန် မျှော်လင့်တောင့်တပါသည် (ဧ ၄း၁၃)။ သို့သော် ဝိညာဉ်ရေး ရင့်ကျက်မှုသည် သဘာဝအလျောက် ရင့်ကျက်လာခြင်းနှင့် ကွဲပြား ခြားနားပါသည်။ မိဘများက သားသမီးများ သူတို့ကို အမှီမပြုတော့ဘဲ မိမိတို့ခြေပေါ်ရပ်တည်နိုင်အောင် ပြုစု ပျိုးထောင်ကြသည်။ ကျွန်ုပ်တို့၏အဘဘုရားကမူ နေ့ရက်စဉ်တိုင်း သူ့အပေါ် ကျွန်ုပ်တို့ တိုး၍ အမှီပြုလာအောင် ပြုစုပျိုးထောင်ပေးသည်။

‘‘ဘုရားသခင်ကိုလည်းကောင်း၊ ငါတို့သခင်ယေရှုကိုလည်းကောင်း၊ သိသော ဉာဏ်အားဖြင့် ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်း’’ ရရှိမည့်အကြောင်း ကတိပေးခြင်းဖြင့် ရှင်ပေတရုက သူ့စာကို အစပြုထားပြီး ထို‘‘ကျေးဇူးတော်၌လည်းကောင်း၊ ငါတို့ကို ကယ်တင်တော်မူသောအရှင် သခင်ယေရှုကို သိကျွမ်းခြင်း၌ လည်းကောင်း ကြီးပွားကြ လော့’’ ဟု ကျွန်ုပ်တို့ကို တိုက်တွန်းခြင်းဖြင့် အဆုံးသတ်ထားသည် (၂ ပေ ၁း၂၊ ၃း၁၈)။ ရင့်ကျက်သောခရစ်ယာန်များအတွက် သခင်ယေရှုကို လိုအပ်ခြင်းသည် လိုသည်ထက် ပိုသွားသည်ဟူ၍ ဘယ်ခါမျှ မရှိပါ။

‘‘လူအချို့သည် အသက်တာ၌ လက်ကိုင်ကို ထိန်းထားပေးသော ရှင်ယေရှု၏ လက်ကို ပုတ်ထုတ်ခြင်းဖြင့် အလုပ်များနေသည်’’ဟု ၀ပ်ဆင် က သတိပေးထားသည်။ ကျွန်ုပ်တို့သည် ခြေမခိုင် ပစ်လဲကျသောအချိန်တွင် ကျွန်ုပ်တို့ကို ကိုင်ဆွဲထူမမည့်လက်၊ ပွေ့ဖက်မည့်လက်ဖြစ်သည့် ကိုယ်တော်၏သန်မာသောလက်အစုံကို မလိုအပ်တော့ သယောင် ပုတ်ထုတ်နေသည်။ ခရစ်တော်အပေါ်အမှီမပြုဘဲ ကျွန်ုပ်တို့မကြီးထွားနိုင်ပါ။ ကျေးဇူးတော်နှင့် ကိုယ်တော်အား သိကျွမ်းခြင်း တို့၌ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်မှသာ ကျွန်ုပ်တို့ ကြီးထွားမည် ဖြစ်သည်။ MIKE WITTMER