ခရစ်တော်၏ခေတ်အချိန်က ရောမတည်းခိုခန်းများသည် ဂုဏ်သတင်းဆိုးရွားလှ၍ တည်းခိုခန်း၌ ကျွဲနွားများထားရန်ကိုပင် ရဗ္ဗိများ ခွင့်မပြုခဲ့ပေ။ ထိုဆိုးရွားသည့် အခြေအနေများကြောင့် ခရစ်ယာန်ခရီးသွားများသည် အခြားယုံကြည်သူချင်းထံမှ ဧည့်ဝတ်ပြုခြင်းကို များသောအားဖြင့် မျှော်လင့်ရှာဖွေကြသည်။

ထိုခရီးသွားများကြားတွင် ခရစ်တော်၏မေရှိယ ဖြစ်ခြင်းကို လက်မခံသော ဆရာအတုအယောင်များလည်း ပါသည်။ ထို့ကြောင့်ပင် ဧည့်သည်ကိုလက်မခံ၊ ဧည့်ဝတ်မပြု ရမည့်အချိန်ရှိသည်ဟု စာဖတ်သူများကို ရှင်ယောဟန် သြဝါဒစာဒုတိယစာစောင်က ပြောထားသည်။ ဤဆရာ အတုအယောင်များသည် “ခမည်းတော်နှင့် သားတော်ကို ငြင်းပယ်သောသူ အန္တိခရစ်” (၁ ယော ၂:၂၂) ဖြစ်သည်ဟု ရှင်ယောဟန်က ပထမစာတစ်စောင်တွင် ရေးသားခဲ့သည်။ ယေရှုသည် မေရှိယကယ်တင်ရှင်ဖြစ်ကြောင်း ယုံကြည်သူတိုင်း သည် “ခမည်းတော်နှင့် သားတော်ကိုသိ၏”ဟု ၂ ယော တွင် သူက တစ်ဆင့်မြင့်ပြီး စာဖတ်သူများကို ပြောကြားခဲ့သည်(:၉)။

ထို့နောက် သူ သတိပေးပြန်သည်။ “ထိုဒေသနာတော် မပါသောသူသည် သင်တို့ထံသို့လာလျှင် သူ့ကို သင့်အိမ်၌ လက်မခံနှင့်။ မင်္ဂလာရှိစေသောဟု နှုတ်မဆက်နှင့်”(:၁၀)။ မှားယွင်းသောဧဝံဂေလိတရားကို ဟောပြောသူအား ဧည့်ဝတ်ပြုခြင်းသည် အမှန်စင်စစ် ဘုရားသခင်နှင့် လူများကို ဝေးကွာစေသည့်အမှုကို ထောက်ပံ့ပေးခြင်းမည်၏။

ရှင်ယောဟန်သြဝါဒစာဒုတိယစာစောင်သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ “အခြားတစ်ဘက်”ကို ကျွန်ုပ်တို့အား ဖော်ပြသည်။ လူတိုင်းကို ကမ်းလင့်ကြိုဆိုနေသော ဘုရားသခင်အား ကျွန်ုပ်တို့အစေခံကြသည်။ စစ်မှန်သောမေတ္တာသည် မိမိတို့ကိုယ်နှင့် အခြားသူများကို လှည့်ဖျားပြီး ထိခိုက်နစ်နာစေမည့်သူကိုဖြင့် သည်းမခံပါ။ နောင်တစိတ်ဖြင့် သူ့ထံလာသူများကို ဘုရားသခင်က ပွေ့ဖက်ပြီး၊ လှည့်စားသူကိုဖြင့် ကိုယ်တော်လက်မခံပါ။ TIM GUSTAFSON