မိသားစုလိုက် အခြားပြည်နယ်တစ်ခုသို့ သွားလည်ပြီး အပြန်လမ်းပေါ် ကားကိုဓာတ်ဆီ ဝင်ဖြည့်စဉ် မြေပေါ်တွင် ညစ်ပေသည့်စာအိတ်ကြီးတစ်လုံးကို တွေ့ရှိခဲ့သည်။ ကျွန်ုပ် ကောက်လိုက်ပြီး ဖုန်ခါကာ စာအိတ်ထဲကြည့်လိုက်ရာ ဒေါ်လာတစ်ရာကို တွေ့လိုက်ရ၍ အံ့သြသွားရသည်။

ဒေါ်လာတစ်ရာ ပျောက်သွားသူသည် ချက်ချင်းပင် ထိတ်ထိတ်ပျာပျာနှင့် ရှာဖွေမည်ဖြစ်သည်။ အကယ်၍ လူတစ်ဦးဦးက ငွေများကိုပြန်လာရှာလျှင် ဆက်သွယ်ရန် ကျွန်ုပ်၏ဖုန်းနံပါတ်ကို ဓာတ်ဆီဆိုင်ရှိ အလုပ်သမားကို ပေးခဲ့သည်။ သို့သော်တစ်ဦးတစ်ယောက်မှ မဆက်သွယ်လာပါ။

လူတစ်ဦးက ထိုငွေများကို ပိုင်ဆိုင်ခဲ့ပြီး ပျောက်ဆုံး ခဲ့ရသည်။ လောကဥစ္စာများသည် ရံဖန်ရံခါ ၎င်းနှင့်တူ၏။ ပျက်စီးဆုံးရှုံးနိုင်သည်၊ အခိုးခံရနိုင်သည်၊ အချည်းနှီးဖြုန်းတီး ပစ်လိုက်နိုင်သည်။ ကျွန်ုပ်တို့ ထိန်းချုပ်၍မရသော ငွေကြေး ဈေးကွက် (သို့) မှားယွင်းသောရင်းနှီးမြှုပ်နှံမှုကြောင့် ဆုံးရှုံးရနိုင်သည်။ သို့သော် ယေရှုခရစ်၌ရှိသော ဘုရားသခင်နှင့်ပြန်လည်သင့်မြတ်သောဆက်ဆံရေးနှင့် ထာဝရ အသက် ကတိတော်ဟူသည့် ကောင်းကင်ဘဏ္ဍာကား ထိုသို့မဟုတ်၊ ၎င်းကို ဓာတ်ဆီဆိုင် တွင်ရော အခြားမည်သည့်နေရာတွင်မှ မဆုံးရှုံးနိုင်ပါ။

ထို့ကြောင့် ခရစ်တော်က ကျွန်ုပ်တို့အား “ကောင်းကင်ဘုံ၌ဘဏ္ဍာ” သိုထားရန် မိန့်ကြားခဲ့သည် (မ ၆:၂၀)။ ကျွန်ုပ်တို့သည် “ကောင်းသောအကျင့်၌ ကြွယ်ဝပြည့်စုံ”လျက် (၁ တိ ၆:၁၈)၊ “ယုံကြည်ခြင်းရတနာ”နှင့် ပြည့်စုံသောအခါ (ယာ ၂:၅)၊ တစ်ပါးသူတို့အား ချစ်မေတ္တာနှင့်ကူညီပြီး ၎င်းတို့အား ခရစ်တော်အကြောင်း ဝေငှပြောကြားခြင်းသည် ကောင်းကင်ဘဏ္ဍာကို သိုမှီးခြင်းဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဦးဆောင် လမ်းညွှန်ပြီး အစွမ်းတန်ခိုးပေးသည့်အတွက် ကိုယ်တော်နှင့်အတူ ထာဝရအနာဂတ်ကို မျှော်လင့်လျက် ထာဝရဘဏ္ဍာကို စုဆောင်းကြပါစို့။ DAVE BRANON