လေယာဉ်ပေါ်တွင် ကလေးနှစ်ယောက်နှင့် လုံးချာလိုက်နေသော အသက်ခပ်ငယ်ငယ်သာ ရှိသေးသည့် မိခင်ဂျက်စီကာခမျာ သုံးနှစ်သမီးငယ်၏ ကန်ကျောက်ငိုယိုနေမှုကြောင့် ကလေးစိတ်ပြေအောင် စိတ်ပင်ပန်းကြီးစွာနှင့် ကြိုးစားချော့မော့နေရသည်။ ထို့နောက်တွင် လေးလအရွယ် သားလေးကလည်း ဆာဆာနှင့် စငိုတော့သည်။

သမီးကို ထိုင်ခုံခါးပတ် ပတ်ပေးနေစဉ် သူ့ဘေးတွင် နေရာကျသောခရီးသည်က လသားကလေးကို ကူချီပေးသည်။ ထို့နောက် လသားလေးအား ဂျက်စီကာနို့ချိုတိုက်နေစဉ် နံဘေးရှိ ခရီးသည်ကပင် လမ်းလျှောက်တတ်စသမီးနှင့်အတူ ဆေးရောင်ခြယ်ခဲ့သည်။ သူလည်း ကလေးအဖေဖြစ်စက သူ့ဘဝအကြောင်းကို ပြန်ပြောင်းပြောပြခဲ့သည်။ နောက် လေယာဉ် တစ်စီးပြောင်းစီးရချိန်၌လည်း ထိုသူကပင် လိုအပ် ပါက အကူအညီပေးမည်ဟု ကမ်းလှမ်းခဲ့သည်။

“ဒီအဖြစ်မှာ ဘုရားသခင်ရဲ့လက်တော်ကို ကျွန်မ တကယ်ပဲ ကျေးဇူးတင်တယ်။ ကျွန်မတို့တတွေ ဘယ်သူမဆိုရဲ့ဘေးမှာ နေရာကျနိုင်တယ်။ ဒါပေမယ့် ကျွန်မတွေ့ဖူးသမျှထဲမှာမှ သဘောအကောင်းဆုံးသူရဲ့ဘေးမှာ ကျွန်မတို့ နေရာရခဲ့တယ်” ဟူ၍ ဂျက်စီကာ ပြန်ပြောင်းပြောပြခဲ့သည်။

တမင်ရည်ရွယ်ထားသော ကြင်နာမှု ဟု ကျွန်ုပ်အမည်ပေးထားသည့် နောက်ထပ် သာဓကတစ်ခုကို ၂ ရာ ၉ တွင် တွေ့ရသည်။ ရှောလုမင်းနှင့် သူ့သားတော်ယောနသန်တို့ ကျဆုံးသွားပြီးနောက် ထီးနန်းဆက်ခံရန် တောင်းဆိုလာနိုင်သည့် ပြိုင်ဖက်များအားလုံးကို ဒါဝိဒ်သုတ်သင်ပစ်မည်ဟု အချို့က မျှော်လင့်ထားသည်။ ထိုသို့လုပ်ဆောင်မည့်အစား ဒါဝိဒ်က “ဘုရားသခင့်အလိုတော်အတိုင်း ငါကျေးဇူးပြုစရာအခွင့်ရှိစေခြင်းငှာ ရှောလု အဆွေအမျိုး တစ်စုံတစ်ယောက်မျှမရှိသလော”(:၃) ဟု မေးမြန်းခဲ့သည်။ ထို့ကြောင့် ယောနသန်၏သား မေဖိဗောရှက်ကို ဒါဝိဒ်ထံသို့ ခေါ်ဆောင်လာခဲ့သည်။ ဒါဝိဒ်သည် မေဖိဗောရှက်ရထိုက်သည့် အမွေဥစ္စာမှန်သမျှကိုပြန်ပေးပြီး သူ့သားအရင်းတစ်ဦးပမာ ထိုနေ့မှစ နေ့တိုင်း သူ့စားပွဲတွင်စားသောက်ရန် မေဖိဗောရှက်ကို ဖိတ်ခေါ်ခဲ့သည် (:၁၁)။

ဘုရားသခင်၏ကြီးမားသည့်အကြင်နာတရား၏ အကျိုးခံစားရသူများ အနေနှင့် သူတစ်ပါးအား တမင်ရည်ရွယ်လျက် ကြင်နာမှုပြသရန်အခွင့်အရေးကို ကျွန်ုပ်တို့ ဖွေရှာကြပါစို့ (ဂလာ ၆:၁၀)။ CINDY HESS KASPER