ရှေးပုံပြင်ဟောင်းတစ်ခု၌ ဆင်းရဲလွန်းသည့်ဖခင်တစ်ဦးသည် သူ့သမီးသုံးယောက်ကို မကျွေးမွေးနိုင်ကြောင်း၊ သမီးများ၏အနာဂတ်အတွက် အိမ်ထောင်ချပေးရန် မင်္ဂလာစရိတ် မတတ်နိုင်ကြောင်းကို (အေဒီ ၂၇၀ တွင် မွေးဖွားခဲ့သည့်) နိကောလပ်စ်အမည်ရှိ လူတစ်ဦးက ကြားသိခဲ့ရသည်။ ထိုဖခင်ကို ကူညီလိုသော်လည်း လူမသိစေလိုသည့်အတွက် ရွှေအိတ်တစ်လုံးကို ပွင့်နေသော ပြတင်းပေါက်မှပစ်ပေးလိုက်ရာ ခြေအိတ်တစ်ဖက်ထဲ (သို့) မီးလင်းဖိုနားအခြောက်ခံထားသောရှူးဖိနပ်ထဲ ဝင်သွားသည်။ ထိုသူကား စိန့်နိကောလပ်စ်ဖြစ်ပြီး နောက်ပိုင်းတွင် စန်တာကလော့ဖြစ်လာစေသည့် အားပေးလှုံ့ဆော်မှု ဖြစ်ခဲ့သည်။

အထက်အရပ်မှလာသော လက်ဆောင်အကြောင်း ပုံပြင်ကို ကျွန်ုပ်ကြားရသောအခါ ချစ်ခြင်းမေတ္တာ၊ သနား ကရုဏာ အရင်းခံကာ ကြီးမြတ်ဆုံးသောလက်ဆောင်ဖြစ်သည့် သားတော်ဘုရားကို အံ့သြဖွယ်ဖွားမြင်တော်မူခြင်းဖြင့် လောကသို့ ပို့ဆောင်ပေးလိုက်သည့် ခမည်းတော်ဘုရားသခင် အကြောင်းကို စဉ်းစားမိသည်။ အပျိုကညာသည် ပဋိသန္ဓေစွဲယူပြီး သားယောက်ျားကို ဖွားမြင်ကာ ထိုသားကို ဧမာနွေလ၊ အနက်ကား “ငါတို့နှင့်အတူရှိတော်မူသောဘုရား” အမည်ဖြင့်ခေါ်တော်မူမည်ဆိုသော ဓမ္မဟောင်းကျမ်း၏ ပရောဖက်ပြုချက်ကို သခင်ယေရှု ပြည့်စုံစေခဲ့ကြောင်း ရှင်မဿဲခရစ်ဝင်ကျမ်းအရ သိရှိရသည်။

နှစ်လိုဖွယ်ကောင်းသည့်နိကောလပ်စ်၏လက်ဆောင်ကဲ့သို့ပင် ယေရှုဟူသည့် လက်ဆောင်က ပို၍အံ့ဖွယ်ကောင်းသည်။ သူသည် လူ့ဇာတိခံရန် ကောင်းကင်ဘုံကို ချန်ထားခဲ့သည်။ အသေခံကာ သေခြင်းမှတစ်ဖန် ထမြောက်ခဲ့သည်။ ထို့အပြင် ကျွန်ုပ်တို့နှင့် အတူရှိတော်မူသောဘုရားလည်းဖြစ်သည်။ ကျွန်ုပ်တို့နာကျင်ဝမ်းနည်းခံစား ရစဉ် နှစ်သိမ့်မှုကို ယူဆောင်လာပေးသည်။ စိတ်ပျက်အားငယ်ချိန်တွင် ခွန်အားပေး မစသည်။ ကျွန်ုပ်တို့လှည့်စားခံရစဉ်တွင် သမ္မာတရားကို သူဖော်ပြပေးသည်။ AMY BOUCHER PYE