ခရစ်စမတ်မတိုင်မီအချိန်ဖြစ်ပြီး သူ့ကလေးများသည် ကျေးဇူးတရားနှင့်ပတ်သက်၍ အခက်တွေ့နေသည့် အချိန်ဖြစ်သည်။ ထိုသို့သောအတွေးမျိုးဖြင့် အလွယ်တကူအတွေး ချော်သွားနိုင်သည်ကို သူသိသော်လည်း ကလေးများ၏နှလုံးသားအတွက် ပိုကောင်းသော အရာကို သူအလိုရှိကြောင်းကိုလည်း သူသိနေသည်။ သို့နှင့် သူသည် အိမ်အနှံ့ မီးခလုတ်၊ စားစရာများထည့်ထားသည့်ဗီရို၊ ရေခဲသေတ္တာတံခါးရွက်၊ အဝတ်လျှော်စက်နှင့် အခြောက်ခံစက်၊ ရေပိုက်ခေါင်း စသည်တို့ အပေါ်တွင် အနီရောင်ဖဲပြားလေးများ လိုက်ကပ်ထားလိုက်
သည်။ ဖဲပြားတစ်ခုချင်းစီနှင့်အတူ “ငါတို့အတွက် ဘုရားပေးထားတဲ့ လက်ဆောင်အချို့ကို လွယ်လွယ်နဲ့ မမြင်လိုက်တာ မျိုးဖြစ်တတ်တယ်။ ဒါကြောင့် အဲဒီလက်ဆောင် တွေအပေါ်မှာ ဖဲပြားတွေ လိုက်ကပ်ထားတာ။ ဘုရားသခင်ဟာ ငါတို့မိသားစုအပေါ်မှာ သိပ်ကောင်းမြတ်တယ်။ လက်ဆောင်တွေ ဘယ်ကလာလဲဆိုတာကို မမေ့ကြစို့နဲ့” ဟု လက်နှင့်ရေးထားသည့် စာတိုလေးများပါရှိသည်။

တရားဟောရာကျမ်း ၆ တွင် အနာဂတ် ဣသရေလနိုင်ငံတော်တည်ထောင်ရေး၌ အခိုင်အမာရှိပြီးသား နယ်မြေအချို့ကို သိမ်းပိုက်အောင်နိုင်ရေးက တစ်စိတ်တစ်ပိုင်း ပါဝင် သည်။ သို့မှသာ သူတို့ မတည်ဆောက်ထားသော (:၁၀) စည်ပင်တိုးတက်ပြီးသားမြို့သို့ ဝင်ရောက်နိုင်မည်။ သူတို့ မပြင်ဆင် မဖြည့်ဆည်းဘဲ ကောင်းသောအရာများနှင့် ပြည့်သောအိမ်၌ အခန့်သား ဝင်နေနိုင်မည်။ သူတို့ မတူးသောရေတွင်းများ၊ မစိုက်ပျိုးသော စပျစ်နှင့် သံလွင်ပင်တို့မှ အကျိုးကျေးဇူးများ ခံစားနိုင်မည်ဖြစ်သည် (:၁၁)။ ဤကောင်းချီး များကို နောက်ကြောင်းကောက်ပါက “သင်၏ဘုရားသခင် ထာဝရဘုရား”ဟူသော တစ်ခုတည်းသော အရင်းအမြစ်ကို လွယ်ကူစွာ ခြေရာခံနိုင်မည်ဖြစ်သည် (:၁၀)။ ဘုရားသခင်သည် ချစ်မေတ္တာဖြင့် ဤအရာများနှင့် အခြားသောအရာများစွာကို ပြင်ဆင် ထောက်ပံ့ပေးနေသည်ဖြစ်ရာ၊ သူ့လူမျိုးများ ထိုအမှုတို့ကို မမေ့လျော့ပါမည်အကြောင်း သတိရှိရန် မောရှေက စိတ်ချသွားချင်ပါသည်။

ကျွန်ုပ်တို့သည် ဘဝ၏အချိန်နာရီအချို့ကို လွယ်လွယ်နှင့်မေ့ပျောက်တတ်၏။ သို့သော် ကောင်းချီးအားလုံး၏ အရင်းအမြစ်ဖြစ်သော ဘုရားရှင်၏ကောင်းမြတ်ခြင်းအား မျက်ခြေမပြတ်သွားပါစေနှင့်။ JOHN BLASE