ပြတိုက်တွင် ရှေးဟောင်းမီးအိမ်များကို ပြသထားသည့်နေရာအနီးတွင် ကျွန်ုပ် တရစ်ဝဲဝဲ ရှိနေသည်။ ထိုမီးအိမ်များသည် အစ္စရေးနိုင်ငံမှဖြစ်ကြောင်း ဆိုင်းဘုတ်တွင် ဖော်ပြထား သည်။ အဝေ့အဝိုက်များနှင့် အလှဆင်ထားသော ဘဲဥပုံမြေအိုးမှာ အပေါက်နှစ်ခုရှိ၍ တစ်ခုမှာ လောင်စာထည့်ရန်ဖြစ်ပြီး ကျန်တစ်ခုမှာ မီးစာအတွက် ဖြစ်သည်။ အစ္စရေးလူမျိုး တို့သည် ၎င်းတို့ကို နံရံ၌မြှုပ်ပြီး မီးထွန်းလေ့ရှိသော်လည်း ၎င်းတို့သည် လက်ဖဝါးပေါ်တင်နိုင်သည့်အရွယ်သာရှိသည်။

ဤမီးအိမ်ကဲ့သို့သော အလင်းသေးသေးလေးက ဒါဝိဒ်ကို “ကိုယ်တော်သည် ကျွန်ုပ်၏မီးခွက် ဖြစ်တော်မူ၏။ ထာဝရဘုရားသည် အကျွန်ုပ်၏မှောင်မိုက်ကို လင်းစေတော် မူ၏” (၂ ရာ ၂၂:၂၉) ဟူသော ချီးမွမ်းသီချင်း ရေးစပ်ရန် အားပေးလှုံ့ဆော်ခဲ့ပုံပေါ်သည်။ တိုက်ပွဲ၌ အောင်မြင်ရသော အခွင့်ကို ဘုရားသခင်ပေးသောအခါ ဒါဝိဒ်သည် ဤစာသား များကို သီဆိုခဲ့သည်။ နိုင်ငံအတွင်းရော ပြင်ပတွင် ပါရှိသည့် ပုန်ကန်ထကြွသူများက သူ့ကိုလုပ်ကြံရန် ချောင်းမြောင်းကြ သည်။ ဘုရားသခင်နှင့် သူ၏ရင်းနှီးသော ဆက်ဆံရေးကြောင့် ဒါဝိဒ်သည် အရိပ်အောက်တွင် လွှမ်းမိုးမခံရပါ။ ဘုရားသခင်၏မျက်မှောက်တော်မှ လာသောစိတ်ချမှုအပြည့်ဖြင့် ရန်သူ၏ရှေ့တန်းစစ်မျက်နှာသို့ သူရှေ့ဆက်ချီတက် ခဲ့သည်။ ဘုရားသခင်၏အကူအညီဖြင့် အမှုအရာများကို ရှင်းလင်းစွာမြင်နိုင်ပြီး သူ့ကိုယ်တိုင် အတွက်၊ သူ့တပ်ဖွဲ့အတွက်၊ သူ့နိုင်ငံအတွက် ကောင်းမွန်သောဆုံးဖြတ်ချက် များကို ချမှတ်နိုင်ခဲ့သည်။

သူ့သီချင်း၌ ဒါဝိဒ်ဖော်ပြထားသော အမှောင်ထုမှာ အားနည်းခြင်း၊ ကျရှုံးခြင်းနှင့် သေခြင်းတို့ကို ကြောက်ရွံ့ထိတ်လန့်စိတ်များ စသည်တို့ ဖြစ်နိုင်သည်။ ကျွန်ုပ်တို့အများစုမှာ စိတ်သောကနှင့် စိတ်ဖိစီးမှုတို့ကိုဖြစ်စေသော အလားတူစိုးရိမ်ပူပန်မှုများနှင့် ရှင်သန် ကြရသည်။ အမှောင်ထုကြီးက ကျွန်ုပ်တို့အပေါ်ကြီးစိုးစဉ် ဘုရားသခင်သည် ကျွန်ုပ်တို့နှင့် အတူရှိကြောင်းကို သိသည့်အတွက် ငြိမ်သက်ခြင်းကို ရှာတွေ့နိုင်ပါသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏မီးလျှံသည် ကျွန်ုပ်တို့ထဲတွင် ရှင်သန်နေပြီး သခင်ယေရှု၏မျက်နှာတော်ကို ပြန်လည်ဖူးမြင်ရမည့်အချိန်အထိ ကျွန်ုပ်တို့၏လမ်းကို ထွန်းလင်းပေးမည်ဖြစ်သည်။ JENNIFER BENSON SCHULDT