ကျွန်မ၏ခင်ပွန်း ဒန်သည် ကင်ဆာရောဂါဖြစ်နေသည်ကို သိရှိရသည့်အခါ သူ၏ရောဂါကို ကုသပေးရန် ဘုရားသခင်ထံ နည်းလမ်းမှန်ကန်စွာ မည်ကဲ့သို့ တောင်းလျှောက်ရမည်ကို ကျွန်မ မသိပါ။ ကျွန်မတွေ့မြင်ရသလောက်ပြောရလျှင် ဤကမ္ဘာပေါ်ရှိ အခြားသူများ သည်လည်း စစ်ဘေးအန္တရာယ်၊ အစာခေါင်းပါးခြင်း၊ ဆင်းရဲမွဲတေခြင်း၊ သဘာ၀ဘေး အန္တရာယ်များ စသည်တို့နှင့် ကြုံတွေ့နေကြရသည်ပင်။ တစ်နေ့သော နံနက်ခင်း၌ ဆုတောင်း၀တ်ပြုနေစဥ် ကျွန်မ၏ ခင်ပွန်းထံမှ “အို အဘဘုရားသခင်၊ ကျွန်တော်၏ရောဂါကို ပျောက်ကင်းစေတော်မူပါ” ဟု နူးညွတ်နှိမ့်ချစွာ ရေရွတ်သည့် အသံကို ကြားလိုက်ရသည်။

၄င်းသည် ရိုးစင်းသောတောင်းဆိုမှု ဖြစ်သော်လည်း နှလုံးသားထဲမှ ခံစားမှုအပြည့်ဖြင့် ထွက်ပေါ်လာခြင်းဖြစ်ပြီး ကျွန်မ၏ရှုပ်ထွေးသောဆုတောင်းများကို ရပ်တန့်လိုက်ရန် သတိပေးလာသည်။ အကြောင်းမှာ ဖြောင့်မတ်စွာ မစမှု တောင်းခံခြင်းကို ဘုရားရှင် နားညောင်းခြင်းကြောင့်ဖြစ်သည်။ ဒါဝိဒ်သည် ရိုးသားစွာဖြင့် “အိုထာဝရဘုရား၊ တစ်ဖန်ကြွလာ၍ အကျွန်ုပ်စိတ်ဝိညာဉ်ကို ကယ်ယူတော်မူပါ။ ကရုဏာတော်နှင့်အညီ အကျွန်ုပ်ကို ကယ်တင်တော်မူပါ”(ဆာ ၆:၄) ဟု ဆုတောင်းခဲ့သည်။

ထိုဆုတောင်းမှာ စိတ်ဝိညာဉ်၌ စိတ်ရှုပ်ထွေးလျက် စိတ်ပျက်အားငယ်နေချိန်၌ ဒါဝိဒ်မြွက်ဆိုဖော်ပြခြင်း ဖြစ်သည်။ သူ၏အခြေအနေမှန်ကို ဤဆာလံကျမ်းတွင် မဖော်ပြထားပါ။ သို့သော် သူရိုးသားစွာ အသနားခံခြင်းသည် ဘုရားသခင်ထံမှ အကူအညီရယူပြီး နဂိုမူလအခြေအနေသို့ ပြန်လည်ရောက်လိုသောဆန္ဒကို ဖော်ပြနေသည်။ “အကျွန်ုပ်သည် ညည်းတွား၍ပင်ပန်းလှပါ၏” (:၆)ဟု သူရေးသားခဲ့သည်။

ဒါဝိဒ်သည် သူ့အပြစ်အပါအဝင် သူ၏ကိုယ်ပိုင်အားနည်းချက်များကြောင့် ဘုရားသခင်ထံချဉ်းကပ်ပြီး သူ့လိုအပ်ချက်များကို မတောင်းဝံ့ဟု အဖြစ်မခံ။ ထိုသို့ အခွင့် မပေးခဲ့ပါ။ ထိုကြောင့် ဘုရားရှင်ထံမှ အဖြေမရမီကပင် ‘‘ငါငိုကြွေးသံကို ထာဝရဘုရား ကြားတော်မူ၏။ ငါတောင်းပန်ခြင်းကို ထာဝရဘုရား ကြားတော်မူ၏။ ငါပြုသောပတ္ထနာ စကားကို ထာဝရဘုရား နာယူတော်မူ၏’’ဟူ၍ သူကြိုတင်ဝမ်းမြောက်နိုင်ခဲ့သည် (:၈-၉)။

ကျွန်ုပ်တို့၌ စိတ်ရှုပ်ထွေးမှုနှင့် မသေချာမှုများရှိနေသော်လည်း ဘုရားသခင် သည် သူ၏သားသမီးများထံမှ ရိုးသားသောတောင်းလျှောက်မှုကို ကြား၍ လက်ခံတော်မူ သည်။ ကျွန်ုပ်တို့အလိုအပ်ဆုံးအချိန်တွင် ကိုယ်တော်ကြားနာရန် အဆင်သင့်ရှိနေသည်။ PATRICIA RAYBON