အလွန်ပြောင်မြောက်သောစာရေးဆရာမ ကိတ်တလင်း သည် သူ့အား ပြင်းထန်စွာ ထိုးနှက်လာမှုကို အောင်နိုင်ခဲ့ပြီးနောက် သူရုန်းကန်ခဲ့ရသည့် စိတ်ဖိစီးမှုနှင့် စိတ်ဆင်းရဲမှု အကြောင်းကို ပြန်လည်ပြောပြသည်။ “ငါဟာတော်တော် အသုံးမကျတဲ့သူပဲ။ ငါဟာ လူတွေ တွေ့ချင်ခင်ချင်တဲ့ မိန်းကလေးမျိုး မဟုတ်ဘူး” ဟု သူခံစားနေရခြင်းကြောင့် ရုပ်ပိုင်းရုန်းကန်နေရသည်ထက် စိတ်ပိုင်းဆိုင်ရာထိုးနှက်မှုက ပိုနာကျင်သည်။ ပို၍အထိနာသည်။ သူသည် ချစ်ခြင်းမေတ္တာကို ရထိုက်သူမဟုတ်၊ တစ်ပါးသူတို့ အသုံးချပြီးနောက် စွန့်ပစ်ဘေးဖယ်ခံရသူဟု ခံစားနေရသည်။

ဘုရားသခင် နားလည်ပါသည်။ ဣသရေလလူတို့ကို သိုးထိန်းတစ်ဦးကဲ့သို့ ချစ်ခြင်းမေတ္တာဖြင့် ကိုယ်တော် ထိန်းကျောင်းခဲ့သည်။ သို့သော် ကိုယ်တော်သည် မည်မျှ ထိုက်တန်သနည်းဟုမေးလျှင် “သူတို့သည် ငါ့အားအခပေးအံ့သောငှာ ငွေသုံးဆယ်ကို ချိန်ကြ၏”(ဇာ ၁၁:၁၂)။ ထိုငွေသည် ကျွန်တစ်ယောက် မတော်တဆထိခိုက်မှုဖြစ်သည့် အခါ အလုပ်ရှင်က လျော်ကြေးပေးသလောက်ပင်ဖြစ်သည် (ထွ ၂၁:၃၂)။ဘုရားသခင်အားအနိမ့်ဆုံးတန်ဖိုးဖြတ်ခြင်းသည် စော်ကားခြင်းသက်သက်ဖြစ်သည်။ “ငါ့ကို အဖိုးဖြတ်၍ ငွေများလှသည်တကား” ဟု ကိုယ်တော်က ထေ့ငေါ့၍ပြောခဲ့သည် (ဇာ ၁၁:၁၃)။ ထို့နောက် ထိုငွေကို ဇာခရိအား ပစ်ချလိုက်စေသည်။

သခင်ယေရှု နားလည်ပါသည်။ ကိုယ်တော်၏တပည့်တော်တစ်ဦးက သူ့ကို သစ္စာဖောက်ရုံသာမက သူ့အား မထီမဲ့မြင်လုပ်သွားသည်။ ဂျူးခေါင်းဆောင်များက သခင်ခရစ်တော်ကို မထီမဲ့မြင်ပြုလျက် လူတစ်ဦးအတွက် အနိမ့်ဆုံးပေးသည့် ငွေသားပမာဏကိုပေးသည်။ ယုဒက လက်ခံသည် (မ ၂၆:၁၄-၁၅၊ ၂၇:၉)။ ယုဒသည် ကိုယ်တော်အား တန်ဖိုးမဲ့စွာဖြင့် ရောင်းချလိုက်သည်။

သခင်ယေရှုကိုပင် လူတို့တန်ဖိုးနှိမ်ခဲ့သည်ဆိုလျှင် သင့်အားတန်ဖိုးနှိမ်ခြင်းသည် အံ့သြစရာ မဟုတ်ပါ။ သင်၏တန်ဖိုးကို အခြားသူများက သတ်မှတ်ပေးခြင်း မဟုတ်။ သင့်ကိုယ်သင် သတ်မှတ်ပေးခြင်းလည်း မဟုတ်။ ဘုရားသခင်တစ်ဦးတည်းကသာလျှင် သတ်မှတ်ပေးခြင်းဖြစ်သည်။ သင့်အတွက် အသေခံပေးထိုက်သည်ဟု ကိုယ်တော်မှတ်ယူ ပါသည်။ MIKE WITTMER