ကားထဲသို့ ကျွန်တော်ဝင်မည်ပြုစဉ် မျက်လုံးထဲလက်ကနဲဖြစ်သွား၍ ကြည့်လိုက်ရာ ကားနောက်ဘီး၏ဘေးဖက်တွင် သံတစ်ချောင်းစိုက်ဝင်နေသည်ကို တွေ့ရလိုက်သည်။ လေထွက်သံကို နားစွင့်ကြည့်ရာ တော်ပါသေးသည်။ သံချောင်းက ပိတ်ဆို့ထားခြင်းကြောင့် လေမထွက်သဖြင့် ခဏတစ်ဖြုတ် မှေးထား၍ရသေးသည်။

တာယာဆိုင်သို့ ကားမောင်းသွားစဉ် ထိုသံချောင်း စိုက်ဝင်နေတာ ဘယ်လောက်ကြာပြီလဲ။ ဘုရားရှင်သည် ကျွန်တော် မသိသည့်အန္တရာယ်မှ ကျွန်တော့်ကို ဘယ်နှစ်ရက် ဘယ်နှစ်ပတ်ကြာမျှ ကာကွယ်ပေးခဲ့သနည်းဟု ကျွန်တော် တွေးမိသည်။

တစ်ခါတစ်ရံ အရာရာကို မိမိထိန်းချုပ်နိုင်သည် ဟူသည့် ထင်ယောင်ထင်မှား လှည့်စားမှုအောက်တွင် ကျွန်တော်တို့ ဘ၀အသက်ရှင်သန်နေကြသည်။ သို့သော် ထိုအတွေးမမှန်ကြောင်း ထိုသံချောင်းက ကျွန်တော့်ကို သတိပေးနေသည်။

သို့သော် အသက်တာ၌ ထိန်းချုပ်၍မရ၊ ဆောက်တည်ရာမရဖြစ်သည့် အချိန်တွင် ယုံကြည်ကိုးစားနိုင်သော ဘုရားသခင်ရှိသည်။ ဆာလံ ၁၈ တွင် ဒါဝိဒ်သည် သူ့အား ကြည့်ရှုစောင့်ရှောက်သည့် ဘုရားသခင်အား ချီးမွမ်းထောပနာပြုသည် (:၃၄-၃၅)။ “ထိုဘုရားသခင်သည် ငါ့ကို ခွန်အားခါးပန်းနှင့်စည်း၍…အကျွန်ုပ်သွားသောလမ်းကို ရှင်းလင်း၍ ခြေမချော်စေခြင်းငှာ ပြုတော်မူ၏” ဟု ဒါဝိဒ်မင်းက ဝန်ခံခဲ့သည်(:၃၂-၃၆)။ ဤချီးမွမ်းခြင်းဆာလံတွင် ဘုရားသခင် အမှန်တကယ်တည်ရှိတည်နေကြောင်းကို ဒါဝိဒ် ကြွေးကြော်ခဲ့သည် (:၃၅)။

ဒါဝိဒ်ကဲ့သို့ စစ်တလင်းထဲ ကျွန်တော်၀င်ခဲ့ခြင်း မဟုတ်ပါ။ မလိုအပ်သည့် စွန့်စားမှုအန္တရာယ်မျိုးကို မကြုံတွေ့ချင်၍ သတိထားသည်ဆိုသော်လည်း မိမိဘာသာ လမ်းလွဲလျက် မကြာခဏ ရှုပ်ထွေးမှုများနှင့် ကျွန်တော်ရင်ဆိုင်ကြုံရဆဲဖြစ်သည်။

ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဘဝအခက်အခဲအားလုံးမှ လွတ်မြောက် စေမည်ဟု ကတိမပေးခဲ့သော်လည်း ကျွန်တော်မည်သည့်နေရာတွင်ရှိသည်ကို သိနေသည်။ ထို့ပြင် ကျွန်တော်မည်သည့်ခြေလှမ်းလှမ်းနေသည်၊ မည်သည့်ပြဿနာနှင့် ကြုံတွေ့မည်ကို ကိုယ်တော်သိနေသည်။ ကိုယ်တော်သည် အရာခပ်သိမ်း၏ အရှင်သခင် ဖြစ်သည်။ ကျွန်ုပ်တို့အသက်တာများ၏ “သံချောင်းများ” လည်းဖြစ်သည်။ ADAM HOLZ