Mare Christinity “ခရစ်ယာန်သက်သက်သာလျှင်” ဟူသောစာအုပ်ကို ရေးသားသူ စီအက်စ်လူးဝစ် က “ဘုရားသခင်သည် အချိန်အတိုင်းအတာအတွင်း၌ တည်ရှိနေခြင်း မဟုတ်သည်မှာ သေချာသည်။ … သူ၏အသက်တာတွင် အချိန်အခါတစ်ခုပြီးနောက် တစ်ခု အစဉ်အတိုင်းဖြစ်တည်နေခြင်းမဟုတ်ဘဲ ကမ္ဘာဦးအစကပင် တည်ရှိနေခြင်းဖြစ်သည်”ဟု ရေးသားဖော်ပြခဲ့သည်။ သဘာ၀ရာသီစက်၀န်းတို့သည်လည်း အဆုံးမရှိဘဲ တစ်ပတ်လည်ကာ ဖြစ်ပေါ်သည်။ သို့သော် အချိန်ကို စိုးမိုးပိုင်ဆိုင်သော ထာဝရဘုရားသခင်ကို ယုံကြည် ကိုးစားရန် သင်ယူသည့်အခါ ထိရှလွယ်သော ကျွန်ုပ်တို့၏ တည်ရှိတည်နေမှုသည် ကိုယ်တော်၏လက်ထဲတွင်သာ ရှိနေ သည်ကို ကျွန်ုပ်တို့ လက်ခံနိုင်ပါသည်။

ဆာလံဆရာ၏တမ်းချင်း ၁၀၂ ခု မြောက်သော ဆာလံကျမ်းတွင် သူ၏ဘဝနေ့ရက်များသည် “ရှည်လျားသော အရိပ်ကဲ့သို့” တိုတောင်းပြီး မြက်ပင်ကဲ့သို့ ညှိုးနွမ်းသော်လည်း ထာဝရဘုရားမူကား “နိစ္စထာဝရ” တည်တော်မူ၏ (:၁၁-၁၂) ဟု မြည်တမ်းခဲ့သည်။ ဆာလံဆရာသည် ပင်ပန်းနွမ်းနယ်မှုကို ခံစားရလျက် ဘုရားသခင်သည် “ရာဇပလ္လင်ပေါ်တွင် အစဉ်အမြဲ” ထိုင်​တော်မူကြောင်း ကြွေးကြော်ခဲ့သည် (:၁၂)။ ကိုယ်တော်၏တန်ခိုးတော်နှင့် တည်မြဲသော သနားခြင်းကရုဏာတော်သည် သာလွန်ကြောင်းကို သူအတည်ပြုခဲ့သည် (:၁၃-၁၈)။ စိတ်ဒုက္ခရောက်စဉ် (:၁၉-၂၄) ကိုယ်တော်၏တန်ခိုးတော်ကို အာရုံပြုပြီး ဖန်ဆင်းရှင်အဖြစ် အသိအမှတ်ပြုသည် (:၂၅)။ ဖန်ဆင်းသောအရာများ ပျက်စီးယိုယွင်း သွားသော်လည်း ကိုယ်တော်သည် မပြောင်းမလဲ ထာဝရတည်ရှိတော်မူ၏ (:၂၆-၂၇)။

အချိန်ရပ်တန့်နေခြင်း သို့မဟုတ် နှေးကွေးနေပုံပေါ်သည့်အခါ ဘုရားသခင်သည် နှောင့်နှေးအောင်လုပ်သူ သို့မဟုတ် ဘာမှမတုံ့ပြန်သူ ဟူ၍ အားမလိုအားမရဖြစ်ကာ ကိုယ်တော်အား ကျွန်ုပ်တို့စွပ်စွဲပြောဆိုမိအောင် သွေးဆောင်ခံရသည်။ ကျွန်ုပ်တို့ ငြိမ်နေသော်လည်း စိတ်မရှည်ခြင်းနှင့် စိတ်ရှုပ်ထွေးခြင်းများက ကြီးမားလာသည်။ ကိုယ်တော်သည် ချောမွေ့သောကျောက်စီလမ်းကို ကြိုတင်ပြင်ဆင်ပေးထားကြောင်း ကျွန်ုပ်တို့ သတိလစ် မေ့သွားနိုင်သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို မည်သည့်အခါမျှ စွန့်ပစ်၍မသွားပါ။ ဘုရားသခင်တည်ရှိနေသည်ဟု ယုံကြည်ခြင်းဖြင့် အသက်ရှင်နေသ၍ ကျွန်ုပ်တို့သည် ကိုယ်တော်နှင့်အတူ ပစ္စုပ္ပန်ကို လျှောက်လှမ်းသွားနိုင်မည်ဖြစ်သည်။
XOCHITL DIXON